အစိုးရရဲ့ ကားဝယ်မည့် အစီအစဉ် လွှတ်တော်အမတ် အပြင်းအထန် ကန့်ကွက်
DVB
·
February 25, 2013
လာမယ့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုးရအဖွဲ့အနေနဲ့ မာစီဒီး ကျည်ကာကားတွေ အပါအဝင် တိုယိုတာ ကင်မရီ၊ မာစီဒီး ဆီဒင်နဲ့ အော်ဒီ အေစစ် စတဲ့ နောက်ဆုံးပေါ်ကားတွေ ဝယ်ယူဖို့အတွက် ကျပ်ငွေ ၁၈ ဘီလီယံဖိုး သုံးမယ့်အပေါ် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းဆွေက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း နောက်ဆုံးပေါ်ကားသစ်တွေ ဝယ်ဖို့အတွက် ကျပ် ၁၀ ဘီလီယံနဲ့ ဒေါ်လာ ၁၀ သန်းကျော် သုံးခဲ့ပြီးဖြစ်ကြောင်း၊ သူတို့ လွှတ်တော်အမတ်တွေကတော့ တနေ့ ကျပ် ၅၀၀ ပေးပြီး ဘတ်စ်ကားနဲ့ လွှတ်တော် တက်နေရကြောင်း၊ သူတို့လွှတ်တော်အမတ် ၆၆၀ ကျော်ကို သိန်း ၁၀၀ တန်ကား ဝယ်ပေးမယ် ဆိုရင်တောင် ကျပ် သန်း ၆ ထောင်ကျော်ပဲ ကုန်မှာဖြစ်ကြောင်း နှိုင်းယှဉ် ပြောဆိုပါတယ်။
ဒီအတွက် အစိုးရ ကားဝယ်မယ့် ဘတ်ဂျက်ကို တဝက်လောက် ဖြတ်တောက်သင့်တယ်ဆိုပြီး သူက မှတ်ချက်ပေးခဲ့ပါတယ်။