တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ထောက်ခံမှုရရေး သမ္မတ နှစ်ဦး ဆွေးနွေး
DVB
·
January 18, 2020
မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်မယ့်၊ ဆောင်ရွက်ဆဲ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်လို့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဒေသခံပြည်သူတွေရဲ့ထောက်ခံမှုရဖို့ မြန်မာသမ္မတနဲ့တရုတ်သမ္မတတို့ ဇန်နဝါရီ ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာလာရောက်တဲ့ချစ်ကြည်ရေးခရီးစဉ်ရဲ့ပထမနေ့မှာ သမ္မတ ဦးဝင်းမြင့်နဲ့အခုလို တွေ့ဆုံဆွေးနွေးခဲ့တာပါ။
တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးနဲ့ မြန်မာ့ထွက်ကုန်တွေ ပိုမိုလက်ခံဝယ်ယူဖို့၊ ပိုးလမ်းမစီမံကိန်း (BRI) နဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတို့မှာ နှစ်ဖက်အကျိုးရှိပြီး ကောင်မွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွဲ ဆောင်ရွက်ဖို့နဲ့ စီမံကိန်းများ အကောင်အထည်ဖော်ရာမှာ လူမှုရေးနဲ့သဘာဝပတ်ဝန်းကျင်တို့အပေါ် ဒေသခံပြည်သူတွေရဲ့ ယုံကြည်ထောက်ခံမှု ရရှိရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အညီ အပြန်အလှန် လေးစားမှု၊ နားလည်မှုနဲ့ မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာဖို့၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်တွေကို စည်ကားသိုက်မြိုက်စွာ နှစ်ဖက်အကျိုးရှိရှိဆောင်ရွက်ဖို့၊ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုး စီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ဖို့၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ စတဲ့ကိစ္စရပ်တွေကိုလည်း နှစ်ဖက်တွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအကြီးအကဲတွေဟာ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ ကျင်းပတဲ့ မြန်မာ - တရုတ် သံတမန် ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားနဲ့ မြန်မာ - တရုတ် နှစ်နိုင်ငံ ယဉ်ကျေး မှုနဲ့ခ ရီးသွားလာရေးနှစ် စတင်တဲ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။