Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲ လုံခြုံရေး ၂၄ နာရီပတ်လုံး စီစီတီဗွီကင်မရာများဖြင့် စောင့်ကြည့်မည်
DVB
·
January 18, 2020
မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး ဘုရားဖူးလာသူတွေ လုံခြုံရေးအတွက် ၂၄ နာရီပတ်လုံး စီစီတီဗွီကင်မရာတွေနဲ့ စောင့်ကြည်သွားမယ်လို့ ရွှေစက်တော်ဂေါပကအဖွဲ့က ပြောပါတယ်။ “အခုနှစ်ဘုရားပွဲတော်မှာ အရင်နှစ်တွေနဲ့မတူဘဲ ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာစွာ ဘုရားဖူးနိုင်ရေးနဲ့ လုံခြုံရေးအတွက် ၂၄ နာရီစောင့်ကြည့်တဲ့ လုံခြုံရေးကင်မရာများ တပ်ဆင်တာတွေ၊ စီစီတီဗွီ ထပ်တိုးတပ်ဆင်တာတွေ၊ ဘုရားလုံခြုံရေး ဝန်ထမ်း ခန့်ထားတာတွေ ဆောင်ရွက်ထားရှိတယ်” လို့ ရွှေစက်တော်ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။ ဒီနှစ် ရွှေစက်တော်ဘုရားပွဲတော်ဖွင့်ပွဲကို သီတဂူဆရာတော်ကြီးက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမယ်လို့ ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပါတယ်။ “ဖွင့်ပွဲနေ့မှာ ခြေတော်ရာမြတ်နှစ်ဆူကို ဖွင့်လှစ်ပူဇော်ပါမယ်။ ပြီးရင် နှစ်ပေါင်း ၂၀ ကျော်လောက်အထိ ထီးတော်အသစ်မတင်ရသေးတဲ့ အထက်စက်တော်ရာ ပါဒစေတီကို ရွှေထီးတော်သစ်တင်လှူ ပူဇော်မယ်၊ ကျပ်သိန်းပေါင်း ၅၀၀၀ ကျော် အကုန်ကျခံ ဘက်စုံပြုပြင်မွမ်းမံထားတဲ့ ကိုးခန်းကြီး မဟာမြတ်မုနိတန်ဆောင်းတော်ကို ရေစက်ချမင်္ဂလာအခမ်းအနားတွေ ကျင်းပပြုလုပ်သွားမယ်။” မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် ရက်ရှည်ကျင်းပတာဖြစ်ပြီး ၂၀၂၀ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ဖို့ ပွဲကြိုကာလ ကြိုတင်ပြင်ဆင်မှုတွေအတွက် ဘုရားကြီးဘဏ္ဍာငွေမှ ကျပ်သိန်း ၁၀၀၀၀ ကျော် ထုတ်ယူသုံးစွဲခဲ့တယ်လို့ ဦးစန်းဌေးက ပြောပါတယ်။ ဘုရားပွဲတော်ကျင်းပဖို့အတွက် မန်းချောင်းသောင်ပြင်ပြုပြင်တာတွေ၊ လမ်းပြုပြင်တာတွေ၊ တံတားထိုးတာတွေ၊ ဘုရားကြီးမှာ မြန်မာမှုလက်ရာထည့်သွင်းတာတွေ၊ ဆောင်းတန်းတက်တဲ့ လှေကားထစ်တွေ ကြွေပြားခင်းတာတွေ၊ ဘုရားဖူးလာယာဉ်တွေ ရပ်နားဖို့ ကားပါကင် အသစ်ဆောက်ရတာတွေ၊ ဘုရားလာတဲ့ ၃ မိုင်လမ်းမှာ မီးလင်းဖို့ လမ်းမီးတိုင်တွေ စိုက်ထူတာတွေ၊ အဆင့်မြင့် ရေလောင်းအိမ်သာ ဆောက်တာတွေ အားလုံး ဘုရားဘဏ္ဍာငွေနဲ့ ဆောင်ရွက်တယ်လို့ ဆိုပါတယ်။ ဖွင့်ပွဲမှာ နိုင်ငံကျော် တေးသံရှင်အဆိုတော် ဒေါ်မာမာအေးက ဓမ္မတေးတွေနဲ့ ပူဇော်မှာဖြစ်ပြီး အဆိုတော် စိုးစန္ဒာထွန်း၊ ဗညားဟန်တို့နဲ့အတူ Myanmar Idol Season-4 မှ အက်စတာနဲ့ အေးမြဖြူတို့က တေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ၂၀၂၀ ဇန်နဝါရီ ၂၉ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့အထိ၊ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ နှစ်ဆန်းတရက်နေ့အထိ ကျင်ပတယ်လို့ သိရပါတယ်။   တင်ရွှေ(မင်းဘူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024