ကုလသမဂ္ဂ အကူပစ္စည်း ဒုက္ခသည်များထံ မရောက်သေး
DVB
·
February 20, 2013
ကချင်ပြည်နယ် ဖားကန့်ဒေသကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပစ္စည်းတွေကို မဖြန့်ဝေရသေးဘူးလို့ ဖားကန့်ဒေသခံတွေက ပြောကြပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖားကန့်မြို့နယ် လုံခင်းမှာ ညအိပ်သွားပြီး အနီးအနားက ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာစစ်ဆေးခဲ့တာရှိပြီး ပစ္စည်းဝေတာတွေ မလုပ်ဆောင်ခဲ့ဘူးလို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။
“မနေ့ကအထိတော့ ပစ္စည်းတွေဝေတာ မကြားရသေးဘူး။ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေနဲ့ လိုက်တွေ့တယ်။ လိုအပ်ချက်တွေ လိုက်မေးတယ်။ အထောက်အကူပြုမှုတွေကို ဘယ်အဖွဲ့အစည်းတွေက ပေးတယ်ဆိုတာ လိုက်လံမေးမြန်းတယ်။ ဒီနေ့တော့ ကားတန်းတွေကို မတွေ့ရတော့ဘူး။ ဒီနေ့ ဖားကန့်နဲ့ ဆိတ်မူဘက်ကို သွားတယ်လို့ သိရတယ်။”
လုံးခင်းဒေသမှာ ဒုက္ခသည်စခန်း ၉ ခုနဲ့ စခန်းမှာ ခိုလှုံသူ ၂၇၀၀ လောက်ရှိနေတယ်လို့ သိရပါတယ်။ ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက အမှုထမ်းတွေပါဝင်တဲ့ ကား ၁၀ စီးပါယာဉ်တန်းမှာ ဖားကန့်ဒေသက ဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊ ဆား၊ အခြောက်အခြမ်း ရိက္ခာတွေနဲ့ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ရေသန့်ကိရိယာ စတဲ့ ပစ္စည်းတွေ သယ်ဆောင်လာတာပါ။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းက အမှုထမ်းတွေဟာ ဒေသခံအာဏာပိုင်တွေနဲ့ ပူးတွဲလုပ်ဆောင်တာ ရှိပေမယ့် ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ဆောင်တာ မရှိသေးဘူးလို့ ဦးတင်စိုးက ပြောပါတယ်။
ရန်ကုန်အခြေစိုက် ကုလသမဂ္ဂပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းကတော့ ကချင်ပြည်နယ် ဖားကန့် ဒေသကို ရောက်ရှိနေတဲ့ အကူအညီပေးရေးအဖွဲ့ကနေ အသေးစိတ်အချက်အလက် မရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပစ္စည်းတွေကို ဖားကန့်ဒေသတင်မကဘဲ အခြား အစိုးရ ထိန်းချုပ်မှုမရှိတဲ့ ဒေသက ဒုက္ခသည်စခန်းတွေကိုပါ မကြာခင် သွားရောက် အကူအညီပေးနိုင်တော့မယ်လို့လည်း ဦးအေးဝင်းက ဆိုတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက အစိုးရတပ်တွေနဲ့ ကေအိုင်အေအကြား တိုက်ပွဲတွေ ပြန်ဖြစ်ကတည်းက စစ်ရှောင်ဒုက္ခသည်ပေါင်း ၈၀,၀၀၀ ကျော် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။