Home
မြန်မာသတင်း
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး အခမဲ့တိုက်ကျွေးမည်
DVB
·
January 14, 2020
အသက် ၅ နှစ်အောက်ကလေးတွေမှာ အသက်သေဆုံးတဲ့အထိ ပြင်းထန်စွာဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ကာကွယ်ဆေးသစ်ကို မြန်မာနိုင်ငံ တဝန်းမှာ ဖေဖော်ဝါရီ ၁ ရက်က စတင် အခမဲ့ တိုက်ကျွေးမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရပါတယ်။ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြင်းထန်ဝမ်းရောဂါဟာ ကမ္ဘာတဝန်းမှာ ကလေးပေါင်း ၂ သိန်းကျော် နှစ်စဉ်သေဆုံးနေပါတယ်။ အဲ့ဒီထဲမှာ မြန်မာနိုင်ငံကလည်း ပါဝင်နေပါတယ်။ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်အစီအစဉ်မှာ ကာကွယ်ဆေး ၁၁ မျိုးကို ထည့်သွင်းထားပြီး လာမယ့်ဖေဖော်ဝါရီလမှာ အခမဲ့တိုက်ကျွေးမယ့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ၁၂မျိုးမြောက် ထည့်သွင်းတဲ့ ကာကွယ်ဆေးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီကနေ့ ရန်ကုန်မှာ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်း ပြောပါတယ်။ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ ကလေးအသက် ၂ လအရွယ်ကစပြီး တိုက်ကျွေးနိုင်ပါ တယ်။ ကလေးအသက် ၂ လသားနဲ့ ၄ လသားအရွယ်တွေမှာ စုစုပေါင်း ၂ ကြိမ်တိုက်ကျွေးရမှာ ဖြစ်ပြီး တကြိမ်နဲ့တကြိမ်ကို အနည်းဆုံး ၄ ပတ်ခြား တိုက်ကျွေးဖို့လိုတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေနဲ့ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် လုပ်ငန်းတွေမှာ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၀ခုနှစ်ကစပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးသစ် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့အတူ ဆုံဆို့-မေးခိုင်ကာကွယ်ဆေးကိုလည်း ထပ်မံထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ သတင်း- မေစု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024