ကျောက်ဖြူ-ရန်ကုန်ကားလမ်းတွင် ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲမှုဖြစ်ပွား
DVB
·
January 8, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ မအီမြို့ကြားရှိ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမှာ ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအီမြို့နဲ့ ဂျီဘီတောင်အုပ်စု ကင်းခြေရွာသစ်အနီးရှိ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမပေါ်မှာ ဇန်နဝါရီလ ၆ ရက်နေ့ ၁၁ နာရီကျော်လောက် မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး ယာဉ်ပေါ်ပါတဦး ဒဏ်ရာရသွားတယ်လို့ ဂျီဘီတောင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဝင်းက ပြောပါတယ်။
“ကင်းခြေရွာအဝင်လမ်းနားပေါ့၊ မအီဘက်ကလာရင် လက်ဝဲဘက် ကျတယ်။ ကျောက်ဖြူဘက်က လာရင်တော့ လက်ယာဘက်အခြမ်းပေါ့၊ ထိခိုက်ဒဏ်ရာရတာကတော့ ကားဆရာရဲ့ ဒရိုင်ဘာပေါ့။ မှန်ကွဲပြီးတော့ မှန်စစင်ပြီးတော့ နားတဖက်ထိသွားတယ်လို့ ပြောတယ်။ တခြားထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရတယ်၊ ဘယ်ကကားလည်းဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့ကလည်း ဝမ်ဖိုက်နဲ့ မင်းကြောင်းကြားရှိ ကျောက်ဖြူ- ရန်ကုန် ကားလမ်းဘေးမှာလည်း မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မအီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မအီမြို့ရဲစခန်းမှ တာဝန်ရှိသူတဦးကိုဆက်သွယ်မေးမြန်းရာမှတော့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့တာ မှန်ကန်တယ်လို့ အတည်ပြုပြောဆိုပါတယ်။
ကျောက်ဖြူမြို့နယ်နဲ့ မအီမြို့ကြားမှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ တပ်မတော်ယာဉ်တန်း ဖြတ်သွားပြီး မကြာမီ မိုင်းပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက် တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
နောင်နောင်