ဗေဒါပင်များ ပိတ်ဆို့နေသည့် အင်းလေးကန်ကို ကျပ်သန်း ၁၂၀ အသုံးပြု ရှင်းလင်းမည်
DVB
·
January 4, 2020
ဗေဒါပင်တွေ ပိတ်ဆို့နေတဲ့ အင်းလေးကန်ကို ကျပ်သန်းပေါင်း ၁၂၀ နဲ့ ရှင်းလင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
စည်းကမ်းမဲ့ အမှိုက်ပစ်တာနဲ့ ရေခြံသုံး ဓာတုမြေသြဇာတွေကြောင့် အင်းလေးကန်အတွင်း ဗေဒါပင်ပွားများပိတ်ဆို့မှုဖြစ်ပေါ်စေခဲ့တာပါ။
ဗေဒါပင်ပိတ်ဆို့နေတာကြောင့် အင်းလေးကန်အတွင်း စက်လှေနဲ့ သွားလာရေး ခက်ခဲလာပြီး အန္တရာယ်တွေဖြစ်ပေါ်စေခဲ့တာကြောင့် အဲ့ဒီ ဗေဒါပင်တွေ ရှင်းလင်းဖို့အတွက် ကျပ်သန်းပေါင်း ၁၂၀ အသုံးပြုပြီး စီမံချက်နဲ့ဆောင်ရွက်သွားမယ်လို့ ညောင်ရွှေမြို့ ဆည်မြောင်းနဲ့ရေအသုံးချရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပြောပါတယ်။
ဗေဒါပင်တွေဟာ ယခင်ကနည်းပါးခဲ့ပေမယ် ဘဏ္ဍာနှစ်အပြောင်းအလဲကြောင့် ရေတက်ချိန်မှာ ရှင်းလင်းမှုနောက်ကျတဲ့အတွက် ဆိုးဆိုးရွားရွားတိုးပွားပြီး အင်လေးကန်တပြင်လုံး ပိတ်ဆို့ပျံ့နှံ့နေတာပါ။
အင်းလေးကန်အတွင်း ဗေဒါပင်ရှင်းလင်းရေးဟာ ဌာနတခုတည်း ပြုလုပ်လို့မရတဲ့အတွက် ဒေသခံတွေ ပူးပေါင်းပါဝင် ဖို့လိုအပ်တယ်လို့ ဒေသခံ စက်လှေမောင်း ကိုကျော်နိုင်ထွနး်က ပြောပါတယ်။
ယခင်နှစ်တွေက နှစ်စဉ်ရန်ပုံငွေရရှိခဲ့ပေမယ် ဗေဒါပင်ရှင်းလင်းရေး တခုတည်းမဟုတ်ဘဲ အင်းလေးကန်ထိန်းသိမ်းရေးအတွက် အသုံးပြုရတဲ့အတွက် အခုနှစ်မှာ စီမံချက်နဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်။
အင်းလေးကန်ရေရှည်တည်တံ့ဖို့အတွက် အင်းလေးကန်ဒေသထိန်းသိမ်းကာကွယ်ရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် စတုတ္ထနေ့ ပုံမှန်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
ခွန်ရာဇာ