Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ နိုင်ထက်စီးနင်းဆုံးဖြတ်နေဟု တပ်မတော်ကန့်ကွက် 
DVB
·
December 21, 2019
၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ဆောင်ရွက်ချက်တွေကို ကန့်ကွက်ကြောင်း ကော်မတီအဖွဲ့ဝင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တင်ဆွေဝင်းက ပြည်ထောင်စုလွှတ်တော် နာယကဆီ တင်ပြလိုက်ပါတယ်။ ၄၅ ဦးနဲ့ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီကနေ  ရခိုင်အမျိုးသားပါတီက ကိုယ်စား လှယ်နှစ်ဦး၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီက တစ်ဦးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နှစ်ဦး စုစုပေါင်း ၅ ဦး နုတ်ထွက်သွားပြီး  လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ကိုယ်စားလှယ်က အစည်းဝေးမတက်တာ ၉ လ လောက်ရှိနေလို့ အချိုးမညီမဲပေးမှုမျှတမှု မရှိတာကြောင့် ပြန်လည်ဆန်းစစ်သင့်တယ်လို့ ဆိုပါတယ်။ “ပူးပေါင်းကော်မတီမှာ ဥပဒေကြမ်းအတွက် မဲခွဲဆုံးဖြတ်ကြတာမှာ တိုင်းရင်းသားပါတီတွေရဲ့ ပြင်ဆင်ဖြည့်စွက်တဲ့ တင်ပြချက်တွေ မပါတော့ဘဲ အနိုင်ရ NLDပါတီရဲ့ ပြင်ဆင်ချက်တွေ( မဲများ သူသာနိုင်တဲ့စနစ်အရ) အတည်ဖြစ်နေလို့ ပူးပေါင်းကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ကန့်ကွက်ပါသည်”လို့ တင်ပြစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပူးပေါင်းကော်မတီမှာ အားလုံးဘုံသဘောတူညီချက် Consensus ကိုရအောင် ညှိနှိုင်းဆောင်ရွက်ရမယ်လို့ စကားလုံးလှလှလေးနဲ့ ပြောပေမယ့် အနိုင်ရ NLD ပါတီရဲ့ ပြင်ဆင်ဖို့ တင်ပြချက်တဲ့ အချက်တွေပဲ အတည်ဖြစ်နေတဲ့အတွက် All Inclusive မဖြစ်လို့ ကော်မတီရဲ့ (နိုင်ထက်စီးနင်း)မဲများရာနိုင် ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ ပြန်လည်စိစစ်ပေးဖို့ တင်ပြပါသည်လို့ ဆိုထားပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပူးပေါင်းကော်မတီဝင် ၈ ဦးအနေနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့အနေနဲ့ စိတ်ရှည်သည်းခံပြီး တက်ရောက်ခဲ့တယ်လို့လည်း တင်ပြထားပါတယ်။ ဒီတင်ပြစာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်တင်ဆွေဝင်းကို  လိုက်လံမေးမြန်းခဲ့ပေမယ့် “ပြောစရာ မရှိဘူး” လို့ သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024