Home
မြန်မာသတင်း
မြန်မာ့လုပ်ငန်းရှင်ဆုပေးပွဲတွင် မြန်မာဘရူဝါရီလီမိတက်နှင့်ယူနီလီဗာတို့ ရွှေတံဆိပ် အများဆုံးရရှိ
DVB
·
December 8, 2019
ဒီဇင်ဘာ ၇ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့လုပ်ငန်းရှင် ဆုပေးပွဲမှာ  မြန်မာဘရူဝါရီလီမိတက်နဲ့ ယူနီလီဗာတို့က ရွှေတံဆိပ် အများဆုံး ရသွားပါတယ်။ ဒီပွဲကို အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ JobNet.com.mm က ကျင်းပတာဖြစ်ပြီး အခုဆိုရင် ၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ စုစုပေါင်း ဆုခေါင်းစဉ် ၂၃ ခု ပေးခဲ့တာဖြစ်ပြီး ပြည်တွင်းကုမ္ပဏီတွေထဲမှာ မြန်မာဘရူဝါရီလီမိတက်က ရွှေဆုပေါင်း ၈ ဆုရခဲ့ပါတယ်။ ကုမ္ပဏီဂုဏ်သတင်း တိုးပွားရေးအတွက် ဌာနတွင်း ပူးပေါင်းဆောင်ရွက်နိုင်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေး အစီအစဉ်၊ ဝန်ထမ်းတွေကို အသိအမှတ်ပြု ချီးမြှောက်ခြင်း နည်းလမ်းကို အကောင်းဆုံး အသုံးပြုမှု၊ သင်ယူလေ့လာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်းဆုံးအစီအစဉ်ဆု၊ အကောင်းဆုံးလုပ်ငန်းခွင်ဆု၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေးမှာ နည်းပညာကို အကောင်းဆုံး အသုံးချနိုင်ဆုံးဆု၊ ကျွမ်းကျင်ပညာရှင်တွေကို အလုပ်ခန့်အပ်ရေးအတွက် အထိရောက်ဆုံး ဆွဲဆောင်နိုင်တဲ့ နည်းလမ်းဆုနဲ့ လူကြိုက်အများဆုံးဆုတွေ ရခဲ့တာပါ။ ဒါ့အပြင် ၂၀၁၉ ခုနှစ်ရဲ့ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု ငွေကြယ်ပွင့်ဆုကိုလည်း မြန်မာဘရူဝါရီလီမိတက်ရဲ့ ဝန်ထမ်းကပဲ ရခဲ့ပါတယ်။ ပြည်ပလုပ်ငန်းတွေထဲမှာတော့ ယူနီလီဗာက အများဆုံးရခဲ့ပြီး စောစောကဆုတွေအပြင် လူမှုအကျိုးပြုလုပ်ငန်းတွေ အကောင်းဆုံး စွမ်းဆောင်နိုင်မှုဆုကို ရခဲ့ပြီး ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု ဒါရိုက်တာဆုနဲ့ ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး အမှုဆောင်အရာရှိချုပ်ဆုကိုလည်း ရခဲ့ပါတယ်။ ယူနီလီဗာဟာ မနှစ်ကလည်း အကောင်းဆုံးထဲက အကောင်းဆုံးဆုကို ရခဲ့ပါသေးတယ်။ ပြည်တွင်းလုပ်ငန်းတွေထဲက ရိုးမဘဏ်ဟာ မနှစ်က အဲဒီဆုကို ရခဲ့ပြီး ဒီနှစ်မှာတော့ ဒီဆုပေးပွဲအခမ်းအနားကို အဓိကပံ့ပိုးသူဖြစ်ပေမယ့် ပါဝင်မလာတာကို တွေ့ရပါတယ်။ ပြည်တွင်းကုမ္ပဏီတွေထဲမှာ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေး အစီအစဉ် အကောင်းဆုံး ငွေတံဆိပ်ဆုနဲ့ လူကြိုက်အများဆုံး ငွေတံဆိပ်ဆုကို ဧရာဝတီဘဏ်က ရခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ အထူးချွန်ဆုံး အသေးစား၊ အလတ်စား စွန့်ဦးတီထွင်မှု လုပ်ငန်းဆုကိုတော့ ThitSaWork Solutions က ရရှိခဲ့ပါတယ်။ ကိုကာကိုလာကတော့ နိုင်ငံတကာလုပ်ငန်းတွေထဲမှာ လူကြိုက်အများဆုံး ရွှေတံဆိပ်ဆု အပါအဝင် ဆု ၅ ခု ရခဲ့ပြီး အူရီဒူးကလည်း ဆု ၄ ခုရခဲ့ပါတယ်။ ဒီဆုတွေ ရွေးချယ်ဖို့ နည်းဗျူဟာပါတနာတွေအဖြစ် အမေရိကန် ကုန်သည်ကြီးများအသင်း၊ သြစတြေးလျ ကုန်သည်ကြီးများအသင်း၊ CCI France Myanmar ၊ ဥရောပ ကုန်သည်ကြီးများအသင်း၊ ဗြိတိသျှကုန်သည်ကြီးများအသင်းနဲ့ IMCC တို့က အသီးသီး ပံ့ပိုးကူညီပေးထားတယ်လို့ JobNet  က ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024