မြန်မာ့ကြွေးမြီ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် လျော်ပစ်
DVB
·
January 28, 2013
အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ်တို့က မြန်မာနိုင်ငံတင်ရှိနေတဲ့ အကြွေးတွေကို ဂျပန်နိုင်ငံရဲ့ ထောက်ခံချက်နဲ့ မနေ့က ပယ်ဖျက်ပေးလိုက်ပါတယ်။
လက်ရှိအချိန်မှာ ဘဏ်က မြန်မာလူထုတွေအားလုံးအတွက် အကျိုးရှိမယ့် နည်းပညာနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို လုပ်ဆောင်တော့မှာဖြစ်ပြီး အစိုးရနဲ့ ဦးစားပေး လိုအပ်ချက်တွေကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
မြန်မာပြည်မှာ လုပ်စရာတွေ အများကြီးရှိနေသလို ဆင်းရဲမွဲတေမှု လျော့ချဖို့နဲ့ ကြွယ်ဝတာတွေကို မျှဝေဖို့အတွက် အစိုးရကို ကူညီဖို့ အာမခံထားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး အန်နက်တီ ဒစ်ဆန် (Annette Dixon) က ပြောပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အစိုးရနဲ့ တခြားလက်တွဲဖော်တွေနဲ့ ဘဏ်က ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကာ အလုပ်အကိုင်တွေကို ဖန်တီးပေးမယ်လို့လည်းဆိုပါတယ်။
ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ ပြန်လည်စေ့စပ်ဖို့အတွက် ဒေါ်လာ သန်း ၄၄၀ ချေးငွေကို အတည်ပြုခဲ့သလို အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ဒေါ်လာ ၅၁၂ သန်း ချေးဖို့ အတည်ပြုခဲ့ပါတယ်။
အခုလို အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ကမ္ဘာဘဏ်တွေက အကြွေးတွေ ပယ်ဖျက်ပေးတာနဲ့ ပတ်သက်ပြီးတော့ စာရေးဆရာ ဦးဟန်ထွန်း (အခွန်) က အခုလို ပြောပါတယ်။
“အကြွေးတွေဖျက်လိုက်တော့ ဒီလူတွေအပေါ်အကျိုးဘယ်လိုရှိလဲဆိုတော့ နိုင်ငံတော်အကြွေးကလည်း ပြည်သူ့အကြွေးပဲလေ။ အစိုးရအပေါ်တင်နေတဲ့အကြွေးကလည်း ပြည်သူ့အကြွေးပဲ။ ပြည်သူတွေမှာဖိစီးနေတဲ့ အကြွေးဝန်ထုတ်တခု ပေါ့သွားပေါ့။ ပယ်ဖျက်ပေးလိုက်တော့ နောက်ထပ် အေဒီဘီရဲ့ ချေးငွေ အကူအညီတွေ မျှော်မှန်းလို့ရတာပေါ့။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အေဒီဘီရဲ့ အကူအညီရလာနိုင်တာပေါ့။”
၂၀၁၁-၁၂ ခုနှစ်မှာတော့ စီးပွားရေးတိုးတက်မှုက ၅ ဒဿမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂-၁၃ ခုနှစ်မှာတော့ အသားတင်ကုန်ထုတ်လုပ်မှုကတော့ ၆ ဒဿမ ၃ ရာခိုင်နှုန်း တိုးတက်ဖို့ မျှော်လင့်နေပါတယ်။
အရင်နှစ်တွေက ကမ္ဘာဘဏ်က မြန်မာနိုင်ငံမှာ ရုံးဖွင့်ခဲ့ပြီးတော့ မန်နေဂျာ ၁ ဦးခန့်ထားခဲ့ပါတယ်။ ဘဏ်ကလည်း ဒေါ်လာသန်း ၈၀ ကို အမျိုးသားလူထုဖွံ့ဖြိုးရေး စီမံကိန်းအတွက် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။