အစိုးရနှင့် ကေအိုင်အေ စစ်ပွဲရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် အီးယူ တိုက်တွန်း
DVB
·
January 16, 2013
ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်တွေအကြား တိုက်ခိုက်နေမှုတွေ ချက်ချင်းရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ ဥရောပသမဂ္ဂ (အီးယူ) က တိုက်တွန်းလိုက်ပါတယ်။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်နဲ့ ဥရောပ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကက်သရင်း အက်ရှတန်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကချင်အရေးနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။
ဒီကြေညာချက်မှာ ကချင်ပြည်နယ်ထဲမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နိုင်ငံတဝှမ်း ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ရထားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ အောင်မြင်မှုတွေ ထိခိုက်မှာကို အီးယူအနေနဲ့ အထူးစိုးရိမ်ပူပန် မိတယ်လို့လည်း ဖော်ပြထားပါတယ်။
အခြေအနေတွေ အမြန်ဆုံးတည်ငြိမ်စေရေးအတွက် ရန်လိုမှုတွေ အဆုံးသတ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ နှစ်ဖက်စလုံးကို အီးယူက တိုက်တွန်းပါတယ်။
ဒါ့ပြင် စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် အတားအဆီးနဲ့ အဟန့်အတားတွေ မပြုလုပ်ဘဲ အရေးပေါ် ထောက်ပံ့ကူညီနိုင်ရေး အီးယူက ဆက်လက်အလေးထား ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။