ဟာဂီဘစ်မုန်တိုင်းကြောင့် အိမ်တလုံး မြစ်ထဲ ပြိုကျ
DVB
·
October 21, 2019
ဂျပန်နိုင်ငံ ဆာကူမြို့မှာရှိတဲ့ အိမ်တလုံးဟာ ချီကူမာမြစ်ထဲကို အောက်တိုဘာ ၁၃ ရက်နေ့က ပြိုကျသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ဂျပန်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ချို့မှာ ဟာဂီဘစ် တိုင်ဖွန်းမုန်တိုင်းကြောင့်ဖြစ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေအပြီး နောက်တစ်နေ့မှာ ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်ရပ်ကို နာဂါနိုစီရင်စုမှာရှိတဲ့ လူမှုကွန်ရက်အသုံးပြုသူတဦး တွစ်တာပေါ် တင်ခဲ့တာဖြစ်ပြီး ဒီစီရင်စုဟာ မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဧရိယာတွေထဲက တခုလည်း ဖြစ်ပါတယ်။
လူမှုကွန်ရက်အသုံးပြုသူဟာ ဆာကူမြို့မှာရှိတဲ့ သူ့အဘွား နေအိမ်ကို သွားရောက်ကြည့်ရှုစဉ်မှာ အိမ်တလုံးဟာ ရေပြည့်လျှံနေတဲ့ ချီကူမာမြစ်ထဲ ပြိုကျသွားခဲ့တာကို အမိအရ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။
အိမ်နေရာအဟောင်းကနေ ထွက်ပေါ်လာတဲ့ ဖုန်မှုန့်တွေဟာ အဝေးက လွင့်သွားတာကို ဗွီဒီဖိုင်မှာ မြင်တွေ့ခဲ့ရပြီး ဒီနေရာမှာ နေထိုင်သူတချို့ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဗွီဒီယိုဖိုင် ရိုက်ကူးခဲ့သူက ပြောပါတယ်။
မုန်တိုင်းတိုက်ခိုက်မှုကြောင့် တံတားတစင်း ပြိုကျပြီး ကားသုံးစီးလည်း ချီကူးမားမြစ်ထဲကို ပြုတ်ကျသွားခဲ့ကာ လူသုံးဦး ပျောက်ဆုံးနေတယ်လို့ NHK သတင်းမှာ ဖော်ပြပါတယ်။