စင်ကာပူပြည်ထဲရေး ထုတ်ပြန်ချက်ကို သက်သေအဖြစ် တရားရုံးလက်ခံ
အာကာ
·
October 18, 2019
အေအေစစ်ဦးစီးချုပ်ရဲ့ ညီဖြစ်သူအပါအဝင် ၈ ဦးကို အကြမ်းဖက်ဥပဒေနဲ့ စွဲထားတဲ့အမှုမှာ တရားလိုတင်သွင်းတဲ့ စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကို သက်သေအဖြစ် လက်ခံကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) အဖွဲ့ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော်အပါအဝင် စင်ကာပူမှာထိုင်တဲ့ မြန်မာနိုင်ငံသား ရှစ်ဦးကို စွဲထားတဲ့အမှုမှာ တရားလို ဒုရဲမှူးတင့်ရွေကို ဒီနေ့ တရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
တရားခွင်မှာ ဒုရဲမှူး တင့်ရွှေက အောက်တိုဘာ ၁၀ ရက်နေ့ ရုံးချိန်းမှာ သက်သေအဖြစ်တင်သွင်းတဲ့ စင်ကာပူပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်ချက်ကို လက်ခံကြောင်း ဒီကနေ့ အမိန့်ချခဲ့ပါတယ်။
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက “ဒီနေ့ရုံးချိန်းမှာ တရားလို ဒုရဲမှူးတင့်ရွှေကိုဆက်စစ်ပါတယ်။ တရားလိုက တင်ပြထားတဲ့ စင်္ကာပူနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၁၀.၇.၂၀၁၉ ရက်စွဲပါ ထုတ်ပြန်ချက်ကို စာတမ်းအမှတ်အသား သက်သေခံအဖြစ် လက်ခံကြောင်း အမိန့်ချမှတ်ပြီး တရားလိုကို ဆက်လက်စစ်ဆေးဖို့ အောက်တိုဘာ ၂၅ ရက်ကို ဆက်လက်ချိန်းဆိုထားပါတယ်။”လို့ ပြောပါတယ်။
စင်ကာပူနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ လက်ရှိတရားစွဲခံနေရသူတွေဟာ လက်နက်ကိုင်အကြမ်းမှုတွေကို ထောက်ပံ့လှုံ့ဆော်တယ်လို့ ဖော်ပြထားတဲ့အတွက် ဒီအမှုကိုတရားစွဲဆိုတာလို့ ဒုရဲမှူးတင့်ရွှေက အရင်ရုံးချိန်းမှာ ထွက်ဆိုထားပါတယ်။
ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင်သန်းနဲ့ ကိုမြတ်လင်းဦးတို့ ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ၅၂ (က)တို့နဲ့ မြန်မာနိုင်ငံ သတင်းရဲတပ်ဖွဲ့ ဒုရဲမှူး တင့်ရွှေက တရားလိုလုပ်ပြီး တရားစွဲထားတာပါ။
ကိုအောင်မြတ်ကျော်ပါ ၈ ဦးဟာ စင်ကာပူမှာ ရန်ပုံငွေရှာပြီး အေအေကို ငွေကြေးထောက်ပံ့တာ၊ လိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့တာ၊ အေအေ အထိမ်းအမှတ်ပွဲကျင်းပတာ၊ စည်းရုံးလှုံဆော်တာနဲ့ လူသစ်စုဆောင်းရာမှာ ထောက်ပံ့ပေးတယ်လို့ ဒုရဲမှူးတင့်ရွှေက ပြီးခဲ့တဲ့ရုံးချိန်းမှာ ထွက်ဆိုထားပါတယ်။