Live
Home
မြန်မာသတင်း
မြန်မာအလုပ်သမားချင်း ငွေလိမ်လည်သည့် ဂိုဏ်းသား ၂ ဦးကို ဝိုင်းဖမ်း၍ ထိုင်းရဲလက်အပ် 
နန်းမြနဒီ
·
October 17, 2019
ထိုင်းနိုင်ငံ၊ နခွန်းပထုန်ခရိုင်ထဲမှာ မြန်မာအလုပ်သမားတွေကို အလုပ်ရှာပေးမယ်ပြောပြီး ပွဲစားခငွေလိမ်ယူနေတဲ့ ဂိုဏ်းတခုက အဖွဲ့ဝင် ၂ ဦးကို အရပ်သားတွေက ဖမ်းဆီးပြီး ရဲလက်ကို အပ်နှံခဲ့တယ်လို့   ထိုင်းရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်းအောင်(၂၈နှစ်)နဲ့ ဝင်းထိုက် (၂၇ နှစ်)တို့ဟာ  မြန်မာ အလုပ်သမား ၇ ဦးကို ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ရှိ ကြက်သားလုံးစက်ရုံမှာ အလုပ်သွင်းပေးမယ်ပြောပြီး  ၁ ဦးကို ထိုင်ဘတ် ၂၅၀၀ နဲ့ ၇ ဦးထံက စုစုပေါင်း ၂၇၅၀၀ ဘတ်ယူဆောင်သွားခဲ့တာလို့ ထိုင်းရဲက ပြောပါတယ်။ အဆိုပါအလုပ်သမား ၇ ဦးကို မှန်လုံကားနဲ့ သယ်ဆောင်ကာ ဆမွတ်ဆာခွန်းခရိုင် ကထုမ့်ပဲန်မြို့နယ်ရှိအွမ့်နွဲ့ ဘုန်းကြီးကျောင်းနားရောက်တော့ ကားပေါ်က ဆင်းခိုင်းပြီးစောင့်နေဖို့နဲ့  ခနနေစက်ရုံက လာခေါ်လိမ့်မယ်လို့ပြောပြီး မနက်ကနေ ညနေထိ တနေကုန်စောင့်ပေမယ့် ဘယ်သူမှ လာမခေါ်တော့မှ အလုပ်သမားတွေဟာ အလိမ်ခံလိုက်ရမှန်း သိခဲ့ကြတာပါ။ အလုပ်သမားတွေကို ကူညီခဲ့တဲ့ နိုင်းတုန့် ယုန်းခနားဝလိုင်းဟာ မြန်မာစကား ပြောတတ်တဲ့ ထိုင်းအလုပ်သမား တဦးဖြစ်ပါတယ်။  သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း မြန်မာမိတ်ဆွေတွေရှိကာ အကူအညီလိုရင်ပြောဖို့ ဖိတ်ခေါ်ထားတာကြောင့် မြန်မာအမျိုးသမီးတယောက်က သူနဲ့အတူ အလုပ်သမား ၇ ယောက် ငွေလိမ်ခံရတယ်လို့  ဆက်သွယ်လာလို့ လူလိမ်တွေကို ရှာဖွေ ဖမ်းဆီးပေးခဲ့တာ ဖြစ်ပါတယ်။  နိုင်းတုန့်ဟာ လူလိမ်ရဲ့ဖုန်းနံပတ်တွေကို တောင်းလိုက်ပြီး  အလုပ်ရှာနေတဲ့ အလုပ်သမား ပုံစံနဲ့ ဆက်သွယ်လိုက်ကာ ပွဲစားခ ငွေချေဖို့ နခွန်းပထုန်ခရိုင် ဆမ်ဖရမ်းမြို့နယ် လိုက်ခင်အုပ်စု ဖွတ်ထမွန်းထွန်းလမ်းကို ချိန်းဆိုခဲ့ပါတယ်။   လူလိမ်  ၂ ယောက်ကိုတွေ့တော့ နိုင်းတုန့်က သူဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်တယ် စခန်း လိုက်ခဲ့လို့ ပြောလိုက်တဲ့အခါထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်း၊ နိုင်းတုန့်က အနီးအနား ပတ်ဝန်းကျင်ရှိလူတွေကို အကူအညီတောင်းရာမှာ အားလုံးက လူလိမ် ၂ ဦးကို ဝိုင်းဝန်း ဖမ်းဆီးပေးပြီး ရဲစခန်းကို အကြောင်းကြားလိုက်ပါတယ်။  ရဲတပ်ဖွဲ့က သူတို့ ၂ ဦးကို စစ်ဆေးမေးမြန်းရာမှာတော့ အပြစ်ကို ဝန်ခံပြီး သူတို့မှာ အဖွဲ့ဝင် ၁၀ ဦးရှိတယ်လို့ ပြောတဲ့အတွက် ကျန်သူတွေကိုပါ ဖမ်းဆီးရမိဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။  အလိမ်ခံရသူ အလုပ်သမား ၇ ဦးအနက် ၂ ဦးကို ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ ဆွေမျိုးတွေက လာခေါ်သွားပါတယ်။ ကျန်တဲ့ ၅ ဦးကတော့ နိုင်းတွန့်အိမ်မှာ တည်းခိုနေကာ သူတို့ကို အကူအညီပေးဖို့ ဆမတ်ဆာခွန်းရှိ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အန်ဂျီအိုအဖွဲ့ကို ဆက်သွယ်ထားတယ်လို့  နိုင်းတုန့်က ပြောပါတယ်။  ကိုးကား - https://news.ch7.com/detail/369711

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024