မှတ်ပုံတင်အတုဖြင့် ကျောက်မျက်ပြပွဲဝင်သည့် တရုတ်နိုင်ငံသား ၃ ဦးကို တရားစွဲ
နေဖြိုးဝင်း
·
October 10, 2019
မှတ်ပုံတင်အတုနဲ့ ကျောက်မျက်ပြပွဲဝင်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ်တရားရုံးမှာ ဇမ္ဗူသီရိမြို့နယ်လဝက ဦးစီးမှူးက ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကနေ ၂၅ ရက်ထိ နေပြည်တော်မှာ နှစ်လည် ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်က မှတ်ပုံတင်အတုနဲ့ ဝင်ရောက်ဖို့ ကြိုးစားစဉ် စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့ပြီးနောက် အခုလို တရားစွဲလိုက်တာပါ။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈၊ ၁၉၄၇ ခုနှစ် လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃(၁) တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီပုဒ်မတွေဟာ အာမခံပေးခွင့် မရှိတဲ့အတွက် ၂၁ ရက်နေ့ထိ ချုပ်မိန့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျောက်မျက်ပြပွဲကို အခုလို မှတ်ပုံတင်အတုနဲ့ဝင်ရောက်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို စိစစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။