Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော်အဖွဲ့ ငါးဖမ်းအင်းအရှုပ်အရှင်း စုံစမ်း
အေးနိုင်
·
January 6, 2013
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်တွင်းမှာ အင်းငါးဖမ်းခွင့်နဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းကို ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ နယ်မြေခံတွေက ပြောပြပါတယ်။ ကျောင်းကုန်းမြို့နယ်မှာ နယ်မြေခံရွာသားတွေနဲ့ ရေလုပ်သားတွေက အင်းသူကြီး ဦးမှုန်ရဲ့အင်းမှာ ယင်းတွေကို ဖယ်ထုတ်ခဲ့ပြီးတဲ့နောက် ရွာသား ၃၀ ခန့်ကို အင်းသူကြီးက ကျောင်းကုန်းမြို့နယ် ရဲစခန်းမှာ တိုင်ချက်ဖွင့် အမှုဖြစ်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ကွင်းဆင်းစစ်ဆေးမှု ဖြစ်ပါတယ်။ အဲဒီအင်းကြောင့် ရွာသားတွေက သူတို့လယ်တွေ ရေမရတာ၊ တပိုင်တနိုင် ရေလုပ်သားတွေ ငါးဖမ်းရခက်ခဲတာတွေကြောင့် ဒီပြဿနာကို ဖြေရှင်းပေးဖို့ တိုင်းဒေသကြီးလွှတ်တော်ကို ၄ ကြိမ်တိုင်ပေမယ့် ထူးခြားမှုမရှိလို့ ရွာသားရာချီ စုဝေးပြီး ယင်းတွေကို ဖယ်ခဲ့ကြတာပါ။ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာပဲ ဖယ်ရှားခဲ့တာဖြစ်ပြီး မှတ်တမ်းဗွီဒီယိုတွေ ရှိတဲ့အကြောင်း ရွာသားတွေက ပြောပါတယ်။ ရွာသားတွေ တရားစွဲခံရပြီးနောက်မှာ ရွာသား ၆ ယောက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ အန်အယ်လ်ဒီပါတီက ဒေါက်တာလှမြတ်သွေးမှတဆင့် တိုင်းဒေသကြီး လွှတ်တော်အကြီးအကဲနဲ့ တိုင်းဒေသကြီးအစိုးရ အကြီးအကဲတွေဆီ သတင်းပေါက်သွားတာကြောင့် ဇန်န၀ါရီ ၄ ရက်နေ့က တိုင်းလွှတ်တော်ကို ရပ်နားပြီး ဒီကိစ္စ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၃ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ကျောင်းကုန်းမြို့နယ် အန်အယ်လ်ဒီတဦးဖြစ်တဲ့ ၁၉၉၀ ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးစောလွင်က       “လာတဲ့သူတွေကဟာ ရေလုပ်သားတွေနဲ့ သဲခုံဘုန်းကြီးကျောင်းမှာ တွေ့ပြီး စကားပြောတယ်။ မှတ်တမ်းတင်တယ်၊ ပြေပြေလည်လည် တော်တော်လေး ပြောပါတယ်။ အားလုံးနားထောင်သွားတယ်။ နောက် အင်းသူကြီး ကိုမှုန်နဲ့လည်း သူတွေ့တယ်။ သူတို့ပြောတဲ့စကားတွေလည်း စစ်ဆေးပြီးတော့မှ လွှတ်တော်ကို တင်ပေးမယ်။ လွှတ်တော်က ဆုံးဖြတ်ပါလိမ့်မယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။ ရွာသားတွေက သူတို့အခက်အခဲကို အိုင်အယ်လ်အိုထံ ကူညီတိုင်ကြားပေးဖို့ အကူအညီတောင်းလို့ သွားရောက် မှတ်တမ်းစုဆောင်းတဲ့ အိုင်အယ်လ်အိုဆက်ဆံရေးကွန်ရက်က ဦးသက်ဝေကိုလည်း ဖျက်ဆီးမှု၊ အကျိုးပျက်စီးစေမှု၊ ပိုက်နက်ကျော်နင်းမှု၊ ခွင့်ပြုချက်မရဘဲ စီတန်းလမ်းလျှောက်မှုတွေနဲ့ စွဲဆိုထားပါတယ်။ ဇန်န၀ါရီ ၄ ရက်နေ့မှာလည်း လွှတ်တော်က ဖွဲ့ပေးတဲ့ စုံစမ်းရေးအဖွဲ့ဟာ ရွာတွေကို ဆင်းပြီး စစ်ဆေးတယ်လို့ ဦးစောလွင်က ပြောပြပါတယ်။ “မနေ့က ပုဂ္ဂိုလ် ၅ ဦးပဲ သဲခုံနဲ့ ညောင်ခြေထောက်တလျှောက် ဆင်းသွားတယ်။ အဲမှာရှိတဲ့အင်းတွေမှာ တွေ့တဲ့ မြောင်းတွေကို ကာထားတဲ့ ယင်းတွေကို သွားကြည့်တော့ တော်တော်လေး ဆိုးဆိုးဝါးဝါး လုပ်ထားတာတွေ့တယ်လို့ သိရတယ်။ လယ်သမားတွေကလည်း သူတို့ရေမရတဲ့ နေရာကို လက်ညှိုးထိုးညွှန်ပြသွားတယ်။ ငါးတွေ သေနေတာလည်း တွေ့တယ်။ ရေတွေမသန့်ဘူးလို့ ပြောတဲ့နေရာတွေကိုလည်း လေ့လာကြည့်သွားတယ်။ တိုင်းဒေသကြီးလွှတ်တော်က ပုဂ္ဂိုလ်တွေပါ။” တရားစွဲဆိုခံရသူ ၁၆ ဦးထဲမှာပါတဲ့ ဆိပ်ဖူးနီကျေးရွာသား ဦးသန်းလှိုင်က ဆည်ရေ သောက်မရလို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အပါအ၀င် အကြီးအကဲတွေကို ၄ ကြိမ်တိုင် တင်ပြပေမယ့် မထူးခြားတာကြောင့် ရွာသားတွေက ဖယ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ “ယင်းတွေက အထပ်ထပ်ဖြစ်တယ်။ ကျနော်တို့ သိသလောက် ယင်းတွေ ၁၀ ချပ်ပေါင်း ၂၀ ရှိတယ်။ ၂၀ ကနေ ဆည်မြောင်းရေမရတော့ ဧကပေါင်း ပျက်စီးတာ ၂ သောင်း ၀န်းကျင်ရှိတယ်။ အခု တရားစွဲဆိုတော့ တ၀မ်းတခါး ရှာဖွေစားသောက်သူတွေ မစားရဘူး ငတ်နေတယ်။ ကျနော်တို့ ရှာစားဖွေစားတွေလည်း အဆင်ပြေချောမွေ့စွာ ရှာစားချင်ပါတယ်။ လယ်သမားတွေလည်း ရေရဖို့ လိုအပ်ပါတယ်။” မဖယ်ခင်မှာ အင်းသူကြီးဦးနီကို တွေ့ဖို့ချိန်းဆိုပေမယ့် မလာရောက်ဘဲ ကျောင်းကုန်းရဲတပ်ဖွဲ့ဝင် ၂၀ ခန့်ကိုသာ လက်နက်အပြည့်အစုံ၊ ဒိုင်းတွေနဲ့ ဖယ်မယ့်နေရာတွေမှာ ရပ်စောင့်နေကြောင်းနဲ့  အင်းသူကြီး ဦးနီမလာရောက်တာကြောင့် ရွာသားတွေက စုရပ်လုပ်ပြီးစောင့်ပေမယ့် ရဲက လာလည်းမမေးကြောင်း၊ ယင်းတွေကို ဖယ်တဲ့အခါမှာ ရဲတွေက လမ်းဖယ်ပေးကြောင်း ပြောပါတယ်။ “စုရပ်လုပ်ပြီး သူတို့တားမလား၊ ညှိနှိုင်းဆောင်ရွက်ပေးမလားလို့ မျှော်ကိုးတကြီးနဲ့ စောင့်သေးတယ်။ ဘာတခုမှ မပြောဘူး။ ဒါနဲ့ ကျနော်တို့သွားတော့ သူတို့လမ်းဖယ်ပေးတယ်။ ကျနော်တို့ စနစ်တကျနဲ့ ဘာလက်နက်မှမရှိဘူး။ ကျနော်တို့ စနစ်တကျ နှီးသက်သက် ၀ါးသက်သက် ယင်းသက်သက်နဲ့ ပုံပေးတယ်။ တချို့ရဲတွေကပြောတယ်၊ နှုတ်ရင် အကုန်နှုတ်သွားလို့တောင် ပြောသေးတယ်။” ဦးသက်ဝေအပါအ၀င် ရွာသားတွေကို လာမယ့် ဇန်န၀ါရီ ၁၁ ရက်နေ့ကျရင် ကျောင်းကုန်းမြို့နယ်တရားရုံးမှာ ရုံးချိန်းဆင့်ဆိုထားပါတယ်။ အဲဒီရုံးချိန်းကို ရွာတွေက အုပ်စုလိုက် တက်ရောက်နားထောင်ဖို့လည်း ရှိနေတာကြောင့် အစိုးရဘက်က ဘယ်လို ကိုင်တွယ်မယ် ဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024