Home
မြန်မာသတင်း
ရွှေတုံးတံတားသစ် တံတားဟောင်းထက်နိမ့်ကျနေသဖြင့် ဒေသခံများ စိုးရိမ်
DVB
·
August 16, 2019
Zawgyi Version ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ထဲက ရွှေတုံးတံတားသစ်ပြန်လည်တည်ဆောက်ရာမှာ အရင်တံထားဟောင်းထက် အမြင့်ပေနိမ့်ကျနေတဲ့အတွက် ရေကြီးလွှမ်းမိုးမှုအန္တရာယ်ကျရောက်မှာ ကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။ “ကျနော်ဒေသခံတွေဘက်က တံတားဆောက်လုပ်ရေးအဖွဲ့ကို နောက်ထပ်၂ပေထပ်ပြီး မြှင့်ခိုင်းတုန်းက မြှင့်ပေးပါမယ်ဆိုပြီး ကတိပေးထားတာရှိပါတယ်။ အခုမှဘဲ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ၁ပေဘဲမြှင့်ခိုင်းတယ်ဆိုပြီး ဆက်လက်လုပ်ဆောင်နေကြလို့ ကျနော်တို့ဒေသခံတွေစုပြီး ပြည်နယ်ဝန်ကြီးချုပ်ဆီကို လူထုသဘော ထားတင်ပြတောင်းခံသွားမှာပါ” လို့ ရပ်ကွက်ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်ရီက ပြောပါတယ်။ ရမ်းဗြဲမြို့ထဲမှာ တံတားအထူးအဖွဲ့၈ ကတာဝန်ယူဆောက်လုပ်နေတဲ့ ရွှေတုံးတံတားသစ်မှာ အရင်တံတားဟောင် အောက်ခြေထက် အမြင့်ပေ၂ပေခန့်အထိနိမ့်ကျနေတဲ့အပေါ် တံတားအနီးရှိ ရပ်ကွက်၃ခုမှာအရင်ဆုံး ရေကြီးနစ်မြုပ်နိုင်တာကြောင့် ဒေသခံတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ သြဂုတ်၁၃ ရက်စွဲနဲ့ လက်မှတ်ရေးထိုး တင်ပြတောင်းဆိုခဲ့ကြပါတယ်။ ဒေသခံတွေအနေနဲ့ ရခိုင်ပြည်နယ် လျှပ်စစ်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ရမ်းဗြဲမြို့ရှိ ရွှေတုံးတံတားတည်ဆောက်ရေးလုပ်ငန်းသို့ လာရောက်ခဲ့စဉ်မှာလည်း နှုတ်နဲ့တင်ပြတောင်းဆိုခဲ့ကြသလို လက်ရှိမှာပြည်နယ်ဝန်ကြီးချုပ်ထံ စာဖြင့်တင်ပြတောင်းဆို ခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့လည်း အခုလိုတင်ပြတောင်းဆိုမှုအပေါ် ထူးခြားမှု တစုံတရာမရှိခဲ့ပါက မြို့လုံးကျွတ်ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်သွားဖို့တွေရှိနေပါတယ်။ ရခိုင်ပြည်နယ် လျှပ်စစ်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက “ဒါက ဆောက်လုပ်ရေးဘက်အခြမ်းက နည်းပညာအရတိုင်းထွာထားတာရှိလို့ အဲ့ဒီအတိုင်းပဲ မြှင့်ထားတယ်လို့ပြောတယ်။ လက်ရှိမှာကလည်း အောက်ခြေကဖောင်ဒေးရှင်းကအစ အားလုံး ပြီးစီးနေပါပြီ။ နောက်ပြီးချောင်း ရေကလည်း ဒီရေအတက်အကျရှိလို့ ရေတက်လာရင်တော့ မြုပ်မှာပါဘဲ။ ဒါပေမယ့် အရင်က၂၄နာရီလောက် မြုပ်တဲ့နေရာမှာ အခုဆို၁၅မိနစ် မိနစ်၂၀လောက် ပဲကြာတော့မှာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။ ရမ်းဗြဲမြို့၊ ဒေါရထလမ်းပေါ်ရှိ ရွှေတုံးတံတားကို ရခိုင်ပြည်နယ်အစိုးရရဲ့ ၂၀၁၈-၁၉ဘဏ္ဍာနှစ်အတွက် ခွင့်ပြုရန်ပုံငွေ ၄၆၉သန်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တံတားအရှည် ၁၀၉ပေ၊ အကျယ်ပေ ၃၀နဲ့ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့ထိ တာဝန်ယူတည်ဆောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ သတင်း-ယူမင်းစိုး၊ ဓာတ်ပုံ-ထွန်းကြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024