ဒေသခံများကို ကေအိုင်အေ တပ်သားသစ် စုဆောင်းနေ
DVB
·
December 5, 2012
ကချင်ပြည်နယ် ဟိုပင်မြို့နယ် နန့်စွန် ကျေးရွာနားမှာ စပါးရိပ်သိမ်းနေတဲ့ လူငယ် ၈ ဦး ကို ကေအိုင်အေတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၄ ရက်နေ့က အတင်းအဓမ္မ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေအပြောအရ သိရပါတယ်။
ကေအိုင်အေက ဖမ်းဆီခေါ်ဆောင်သွားရမှာ ဟိုပင်မြို့မှာနေထိုင်တဲ့ ကိုသန်းထိုက်နဲ့ ကိုသည်းကိုကိုလည်း ပါဝင်ပါတယ်။ မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုသည်းကိုကိုကတော့ ဖမ်းဆီခေါ်ဆောင်သွားနေစဉ်မှာ လမ်းကနေ ပြန်ပြေးလာရတယ်လို့ မိခင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။
“သူပြောပြတာတော့ ရွာရောက်တဲ့အခါ မာမီးခေါက်ဆွဲ ၃ ထုပ်နဲ့ ပြောင်းဖူး ၃ ထုပ်ဝယ်ပြီး ထည့်ထားပြီး ပြေးလာခဲ့တယ်ပြောတယ်။ သူပြေးတော့ သူ့နောက် ၃ ယောက်လိုက်လာတယ်ပြောတယ်၊ ကြောက်ပြီး စိတ်ထဲထင်တာပြောလား၊ အဟုတ်လိုက်လားတော့ မသိဘူး။”
ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေမှော်မှာ အလုပ်လုပ်နေတဲ့ ဟိုပင်ဒေသခံတွေကိုလည်း ကေအိုင်အေက တပ်သားသစ်စုဆောင်းဖို့ ခေါ်ဆောင်တာခံရပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေကနေ ပိုက်ဆံပေးပြီး ကေအိုင်အေထဲကနေ ပြန်ရွေးထုတ်ခဲ့ရတာလို့ ဟိုပင်ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။
ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက တပ်သားသစ် စုဆောင်းတာတွေ လုပ်နေကြတဲ့အတွက် စပါးရိတ်သိမ်းရာသီ ရောက်နေတာတောင် ရွာပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။