Home
မြန်မာသတင်း
မဘသဆရာတော်၂ ပါးကို ဓမ္မစက်ဖြင့်ဆောင်ရွက်ရမည့်ကိစ္စ ပြီးဆုံးပြီဟု သာသနာရေး ကြေညာ
DVB
·
July 30, 2019
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဦးဆောင်သူ ဆရာတော် ၂ ပါးနဲ့ ပတ်သက်လို့ ဓမ္မစက်နဲ့ ဆောင်ရွက်ရမယ့် အခန်းကဏ္ဍပြီးဆုံးသွားပြီလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က နောက်ဆုံးအကြိမ်သြဝါဒပေးဖို့ ပင့်လျှောက်တာကို တပါးပဲလာရောက်ခဲ့တာကြောင့် မနေ့က အဲဒီအစီအစဉ်ကို ဖျက်သိမ်းပြီး နိုင်ငံတော်အစိုးရကို တင်ပြဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)ရဲ့  ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသနဲ့ ဒု ဥက္ကဋ္ဌ မော်ကျွန်းဆရာတော် ဦးသီလက္ခန္ဓာဘိဝံသတို့ကို ဇွန် ၁၆ နဲ့ ၁၇ မှာ လုပ်ခဲ့တဲ့ ဖောင်ဒေးရှင်း(ဗဟို)ရဲ့ နှစ်ပတ်လည်စုံညီပွဲနဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ရဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေးကို ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကနေ ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော် ၂ ပါးကို ဇူလိုင် ၂၉ ရက်မှာ နောက်ဆုံးအကြိမ် သြဝါဒပေးဖို့ ပင့်လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့ကတော့ ဒုဥက္ကဋ္ဌပဲ ကြွရောက်လာပြီး ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်ကတော့ ကျန်းမာရေးအခြေအနေကြောင့် လာရောက်နိုင်ခြင်းမရှိဘဲ ရဟန်းတပါးနဲ့ စာကို ပေးလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က လက်ခံတွေ့ဆုံတာမလုပ်တော့ဘဲ မနေ့က အစည်းအဝေးထပ်လုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကနေ ဇူလိုင် ၂၀ ရက် ၄၇ ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်တွေဖြစ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး၊ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ လမ်းညွန်မှုတောင်းခံတာကို ပယ်ချဖို့၊ ဖောင်ဒေးရှင်းဟာ တရားမဝင်ဖွဲ့ထားတဲ့ အဖွဲ့အစည်းပဲ ဖြစ်တယ်လို့ ဆုံးဖြတ်ဖို့၊ ဖောင်ဒေးရှင်းအဖွဲ့ဝင်အားလုံးဟာ အဲဒီအဖွဲ့နာမည်ကိုသုံးပြီး ဘယ်ကိစ္စကိုမှ မလုပ်ဖို့၊ မြန်မာပြည်အနှံ့ စိုက်ထူထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ဆိုင်းဘုတ်တွေကို အဲဒီရက်ကနေ ၄၅ ရက်အတွင်း ဖြုတ်သိမ်းဖို့နဲ့ ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာရင် ရဟန်းပုဂ္ဂိုလ်ဖြစ်ရင် သံဃာ အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/ ၉၀ နဲ့ အရေးယူဖို့၊ လူပုဂ္ဂိုလ်ဖြစ်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့  ထပ် အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် လိုအပ်သလို စီမံဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရကို သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက တင်ပြသွားဖို့ကိုလည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်သူ ဆရာတော် ၂ ပါးတို့ကို ဓမ္မစက်နဲ့ ဆောင်ရွက်ရမယ့် အခန်းကဏ္ဍပြီးဆုံးသွားပြီလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024