နယူးယောက်နှင့် ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုများဖြစ်၊ ၁ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေအတွင်း ဇူလိုင် ၂၈ ရက်က ပစ်ခတ်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကလေးကစားကွင်းနားမှာ ညဥ့်နက်ချိန် ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ အမေရိကန် မီဒီယာ အတော်များများက တနင်္ဂနွေမနက်မှာ ထုတ်ပြန်ပါတယ်။ လူ ၆ ယောက်ကို ဆေးရုံတင်ထားရပြီး တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဘရွတ်ကလင်းနယ်မြေ ဘရောင်းစ်ဗယ်လီရပ်ကွက်မှာ နှစ်စဉ်ကျင်းပနေကျ "Oldtimers Day Celebration" မိတ်ဆုံစားပွဲ ကျင်းပတဲ့နေရာမှာ ပစ်ခတ်ခဲ့တာလို့ NBC သတင်းဌာနက ကြေညာပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာကျင်းပတဲ့ အစားအသောက် ပွဲတော်တခုမှာ ပစ်ခတ်မှုကြောင့် ရဲတွေနဲ့ လူနာတင်ယာဉ်တွေ ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ပစ်ခတ်နေချိန်မှာ လူတွေ အကာအကွယ်ရဖို့ ပြေးလွှားနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့နေပါတယ်။ သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ ဂီလ်ရွိုင် ကြက်သွန်ဖြူပွဲတော်မှာ ပစ်ခတ်မှုအပြီး လူ ၁၁ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ လူနာတင်ယာဉ် ဝန်ထမ်းတွေကို ကိုးကားပြီး NBC သတင်းဌာနက ပြောပါတယ်။ ဒီပွဲတော်မှာ အစားအသောက်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အချက်အပြုတ် ပြိုင်ပွဲတွေလည်း ပါပါတယ်။ လုပ်အားပေးတွေက တည်ခင်းတဲ့ ဒီပွဲဟာ ကမ္ဘာ့အကြီးဆုံး နွေရာသီ အစားအသောက် ပွဲတော်လို့ သူတို့ကိုယ်သူတို့ ရည်ညွှန်း ဖော်ပြပါတယ်။ ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လိုလက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up