အာဖဂန်တွင် ဗုံးပေါက်ကွဲမှု ၃ ခုကြောင့် ၁၅ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ဇူလိုင် ၂၅ ရက်နေ့က ဗုံးပေါက်ကွဲမှုသုံးခု ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ကဘူးလ်မြို့မှာ အမေရိကန် စစ်ဘက်အကြီးအကဲတွေနဲ့ နေတိုးတာဝန်ရှိသူတွေ တွေ့ဆုံနေချိန်မှာ အခုလို တနေ့တည်း ပေါက်ကွဲမှုသုံးခု ဖြစ်ခဲ့တာပါ။ အစိုးရဝန်ထမ်းတွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားတစီး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း သတ္တုတွင်းနဲ့ ရေနံဝန်ကြီးဌာနက ဝန်ထမ်း ၈ ယောက်သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ မိနစ်ပိုင်းအကြာမှာပဲ ကားဗုံးပေါက်တဲ့နေရာနဲ့ မီတာအနည်းငယ်အတွင်းမှာ  အသေခံဗုံးခွဲသမားတယောက်က သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာကြောင့် နောက်ထပ် လူ ၇ ယောက်သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ နာစ်ရတ် ရာဟီမီက ပြောပါတယ်။ တာလီဘန်စစ်သွေးကြွအဖွဲ့က ကားဗုံးပေါက်ကွဲမှုဟာ သူတို့လက်ချက်လို့ ကြေညာခဲ့ပေမယ့် ကျန်တဲ့ပေါက်ကွဲမှုနှစ်ခုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမျှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။ တာလီဘန်အဖွဲ့ ပြောခွင့်ရ ဇာဘီဟိုဘာ မူဂျာဟ်က ကားနှစ်စီး မီးလောင်ပျက်စီးခဲ့ပြီး နိုင်ငံခြားတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးခဲ့တယ်လို့ ပြောပေမယ့် အာဖဂန်စ္စတန် အစိုးရကတော့ တာလီဘန်ရဲ့ ကြေညာချက်ကို အတည်မပြုခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up