မူးယစ်ဝရမ်းပြေးကို အသေပစ်ခတ်ခဲ့သည့် ထိုင်းရဲများအား ရွာသား ၂၀၀ ကျော် ရိုက်နှက်

ဓာတ်ပုံ - sanook
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မြန်မာနယ်စပ် ဝိန်းဟိုင်မြို့နယ်ထဲမှာ မူးယစ်မှုနဲ့ လွတ်မြောက်နေသူ တရားခံတဦးကို ထိုင်းရဲကပစ်ခတ်ပြီး သေဆုံးသွားလို့ ရွာသားတွေက ရဲကို ပြန်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ဝိန်းဟိုင်မြို့နယ်ရဲတပ်ဖွဲ့က ဒုရဲမှူး တရီရုတ် ပန်တိနဲ့ အဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၃ ရက် ညနေပိုင်းက မော်တော်ကားတစီး၊ ဆိုင်ကယ်သုံးစီးနဲ့အတူ နယ်မြေတွင်း ရာဇဝတ်မှု နှိမ်နင်းရေးအတွက် နယ်လှည့်စစ်ဆေးနေစဉ် ပိန်းလုံအုပ်စု ဟွေ့ခိုက်မိုင်ကျေးရွာအစွန် တောစပ်ဘက်ကနေ ဆိုင်ကယ်တစီး ရောက်လာပါတယ်။ ဆိုင်ကယ်နောက်က လိုက်စီးလာသူဟာ လက်ထဲမှာ သေနတ်ပြောင်းရှည်တလက် ကိုင်ဆောင်ထားတာ တွေ့လို့ ရဲတပ်ဖွဲ့က စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းသူက ဆိုင်ကယ်ကိုပစ်ပြီး တောထဲဝင်ပြေးသွားပေမယ့် ဆိုင်ကယ်နောက်ကလူကတော့ ထိုင်ချလိုက်ပြီး ပြောင်းရှည်သေနတ်နဲ့ ရဲကို နှစ်ချက် စပစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်က သတင်းထောက်ကို ပြောပါတယ်။ ဒါကြောင့် ရဲတွေကလည်း သူတို့အသက်နဲ့ လုံခြုံရေးအတွက် ပြန်ပစ်ခဲ့လို့ အဲဒီအမျိုးသား ပွဲချင်းပြီး သေဆုံးသွားပါတယ်။ အဲဒီအချိန်မှာ ရွာသားပေါင်း ၂၀၀ ကျော် စုဝေးရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်တွေကို တုတ်နဲ့ရိုက်၊ ကျောက်ခဲတွေနဲ့ ပေါက်သလို ရဲကားနဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။ ရွာသားတွေ ရိုက်နှက်မှုကြောင့် ဒုရဲမှူးမှာ ဒဏ်ရာအပြင်းအထန် ရခဲ့သလို ဒုရဲမှူးကို သွားဆွဲတဲ့ ရဲတပ်ကြပ်ကြီးတဦးမှာလည်း အညိုအမည်းဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီ့နောက် ထိုင်းစစ်တပ် ရောက်လာပြီး လူအုပ်ထဲကနေ ဒုရဲမှူးနဲ့ တပ်ကြပ်ကြီးတို့ကို ခေါ်ထုတ်ကာ ဝိန်းဟိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒုရဲမှူးမှာ ၁၀ ချက်ချုပ်လိုက်ရကြောင်း ဆိုပါတယ်။ ထိုင်းရဲကိုစပစ်တဲ့ သေနတ်သမားဟာ အသက် ၅၀ အရွယ် နိုင်းကျကျည်း ကျာအော ဆိုသူ လားဟူတိုင်းရင်းသားတဦးဖြစ်ပြီး မူးယစ်မှု၊ လက်နက်မှုနဲ့ ချင်းမိုင်ခရိုင်တရားရုံးက ဖမ်းမိန့်ထုတ်ထားတဲ့ ဝရမ်းပြေးတဦးဖြစ်ကြောင်း၊ ရဲကိုလာဝိုင်းတဲ့ ရွာသားတွေကတော့ ဟွေ့ခိုက်မိုင်ကျေးရွာကဖြစ်ကာ နိုင်းကျကျည်းရဲ့ ဆွေမျိုးတွေ ဖြစ်တယ်လို့ ဝိန်းဟိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီနေ့မနက်မှာတော့ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ အဲဒီကျေးရွာကို သွားရောက်ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း၊ ဥပဒေနဲ့မညီတဲ့ ပစ္စည်းတွေ မတွေ့ရပေမယ့် မနေ့က ရိုက်နှက်မှုမှာ ဦးဆောင်သူလို့ ယူဆရတဲ့ လူ ၆ ဦးကို ခေါ်ယူစစ်ဆေးနေကြောင်း ဆိုပါတယ်။ တာဝန်ကျဝန်ထမ်းနဲ့ နိုင်ငံပိုင်ပစ္စည်း ဖျက်ဆီးခဲ့သူတွေ အားလုံးကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဝိန်းဟိုင်ရဲစခန်းက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up