သင်္ဃန်းကျွန်း အန်အယ်လ်ဒီရုံးရှေ့တွင် ဗုံးတလုံးတွေ့ရှိ
DVB
·
July 24, 2019
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးရှေ့မှာ ဒီကနေ့ ဇူလိုင် ၂၄ ရက်မနက်က လက်ပစ်ဗုံးတလုံးတွေ့ရှိလို့ သက်ဆိုင်ရာက လာရောက် ရှင်းလင်းခဲ့ပါတယ်။
ဒီမနက် ၆ နာရီ ကျော်လောက်မှာ စည်ပင်သာယာသန့်ရှင်းရေးဝန်ထမ်းတွေက မသင်္ကာဖွယ်ရာ ဗုံးတလုံးကို အန်အယ်လ်ဒီရုံးရှေ့မှာ တွေ့ရှိခဲ့လို့ တာဝန်ရှိသူတွေကို ဆက်သွယ် အကြောင်းကြားခဲ့တဲ့အတွက် နယ်မြေရဲစခန်းနဲ့ စစ်တပ်က ဗုံးကို လာရောက်ရှင်းလင်း သွားခဲ့တယ်လို့ သင်္ဃန်းကျွန်း အန်အယ်လ်ဒီအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးအနီး မလိခအိမ်ရာမှာ ဖွင့်လှစ်ထားတဲ့ အန်အယ်လ်ဒီရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်ရုံး တွဲဖွင့်ထားတဲ့ အဆောက်အဦရဲ့ ရှေ့ဘက် ၅ ပေလောက်အကွာမှာ ဗုံးတလုံးကို တွေ့ရှိခဲ့တာလို့ လည်းဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကလည်း ဗုံးတွေ့ရှိတာ မှန်ကန်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး လတ်တလော သင်္ဃန်းကျွန်းရဲစခန်းမှာ စီစီတီဗွီ မှတ်တမ်းကို ကြည့်ရှုနေပြီး တရားခံကိုသိရဖို့ စုံစမ်းစစ်ဆေးနေပါတယ်။