အိုင်စီစီဖလားပွဲတွင် ရီးရဲလ်က အာဆင်နယ်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် နိုင် (ရုပ်သံ)

နိုင်ငံတကာချန်ပီယံများဖလား (အိုင်စီစီ) ပြိုင်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တို့ ဒီနေ့မနက်က ယှဉ်ပြိုင်ရာ ပယ်နယ်တီအဆုံးအဖြတ် ၃ ဂိုး ၂ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ် အနိုင်ရသွားပါတယ်။ ရာသီကြို ပွဲစဉ်တွေမှာ နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်အသင်းအတွက်တော့ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ဒီရာသီ အသစ်ခေါ်ထားတဲ့ ယိုဗစ်ကို ဘန်ဇီမာနဲ့ တွဲပြီး ပွဲထုတ်ခဲ့သလို ဟာဇက်၊ မိုဒရစ်၊ တိုနီခရူးစ်၊ ဗက်ဇ်ကွက်ဇ် စတဲ့ အဓိက ကစားသမား အစုံအလင် အသုံးပြုသွားပြီး ဒုတိယပိုင်းမှာတော့ အသင်းပြောင်းမယ်လို့ နာမည်ကြီးနေတဲ့ ဂါရတ်ဘေးလ်ကို အသုံးပြုခဲ့ပါတယ်။ အာဆင်နယ်ကလည်း စပိန်ထိပ်သီးအသင်းကို ရင်ဆိုင်ဖို့ လာကာဇက်တီ၊ အူဘာမီယန်း၊ အိုဇေးလ်၊ မစ်ခီတာယန်း၊ ရှာခါ စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့တာပါ။ ပွဲအစ ၉ မိနစ်မှာပဲ ရီးရဲလ်နောက်ခံလူ နာချိုဖာနန်ဒက်ဇ် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရလို့ ဆယ်ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကစားသမား အသာစီးရသွားတဲ့ အာဆင်နယ်က ဆက်တိုက်ဖိကစားပြီး ပွဲချိန် ၁၀ မိနစ်မှာ ပယ်နယ်တီကတဆင့် တိုက်စစ်မှူး လာကာဇက်တီက အဖွင့်ဂိုး၊ ၂၄ မိနစ်မှာ အူဘာမီယန်းက ဒုတိယဂိုးသွင်းပြီး ပထမပိုင်းမှာ အာဆင်နယ် နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဒုတိယပိုင်းမှာ ဂါရတ်ဘေးလ်၊ အစ္စကို၊ အဆန်စီယို၊ မာဆယ်လို စတဲ့ ကစားသမားတွေကို လူစားလဲပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ရီးရဲလ်အတွက် ချေပဂိုးတွေကို ပွဲချိန် ၅၇ မိနစ်မှာ ဂါရတ်ဘေးလ်နဲ့ ၅၉ မိနစ်မှာ အဆန်စီယိုတို့က သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ နောက်ထပ် ဂိုးမသွင်းနိုင်ကြဘဲ နှစ်ဂိုးစီ သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ ရီးရဲလ်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up