ဗင်နီဇွဲလားနိုင်ငံ ပြည်နယ်အများစုတွင် လျှပ်စစ်မီးပျက်နေ

ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်နယ် ၂၃ ခုအနက် ထက်ဝက်ကျော်လောက်မှာ ဇူလိုင် ၂၂ ရက်နေ့က  လျှပ်စစ်မီး ပျက်နေတယ်လို့ မျက်မြင်သက်သေတွေနဲ့ လူမှုမီဒီယာ စာမျက်နှာပေါ်က အချက်အလက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီး ဟော်ဟေ ရိုဒရီဂတ်ဇ်က တနင်္လာနေ့က မီးပျက်တာဟာ လျှပ်စစ်သံလိုက်နဲ့ တိုက်ခိုက်တာကြောင့်လို့ ပြောပေမယ့် တိကျတဲ့ သက်သေ အထောက်အထားတွေကိုတော့ မဖော်ပြခဲ့ပါဘူး။ မတ်လကလည်း နိုင်ငံတဝန်း မီးပျက်လို့ သန်းချီတဲ့ ပြည်သူတွေဟာ သောက်သုံးရေနဲ့ ဖုန်းလိုင်းဆက်သွယ်ရေးတွေ ပျက်ခဲ့ပါသေးတယ်။ အဲဒီအချိန်က ဗင်နီဇွဲလား အစိုးရဟာ အတိုက်အခံအဖွဲ့နဲ့ အမေရိကန်နိုင်ငံအပေါ် အပြစ်ဖို့ခဲ့ပါတယ်။ လျှပ်စစ်မီးပျက်တဲ့ ပြဿနာဟာ တိုင်းပြည်စီးပွားရေး အကျပ်အတည်းကို ပိုဆိုးစေခဲ့ပါတယ်။ မြို့တော် ကာရာကတ်စ်မှာ မြေအောက်ရထားလိုင်း ပြေးဆွဲမှုတွေလည်း ရပ်ဆိုင်းလိုက်တာကြောင့် ခရီးသွားပြည်သူတွေ နေအိမ်ပြန်ဖို့ အခက်တွေ့နေရပါတယ်။ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုနဲ့ ထိန်းသိမ်းမှု အားနည်းတာကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ အမျိုးသားမဟာဓာတ်အားလိုင်းဟာ တော်တော်လေး ယိုယွင်းပျက်စီးနေတယ်လို့ အတိုက်အခံ အဖွဲ့နဲ့ လျှပ်စစ်ရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ရေနံကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံဟာ ငွေကြေးဖောင်းပွမှု မြင့်တက်နေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်နေတာကြောင့် နိုင်ငံသား ၄ သန်းကျော်ဟာ ပြည်ပနိုင်ငံတွေကို ထွက်ပြေးနေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up