ပေါ်တူဂီတွင် တောမီးအကြီးအကျယ်လောင်၊ မီးသတ်သမား ၈ဝဝ ကျော်ဖြင့် ငြှိမ်းသတ် (ရုပ်သံ)

ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းတလျှောက်မှာ ဇူလိုင် ၂၁ ရက်က တောမီး အကြီးအကျယ် လောင်နေတာကြောင့် မီးသတ်သမား အယောက် ၈၀၀ ကျော်နဲ့ ငြှိမ်းသတ်နေရပါတယ်။ လက်ရှိမှာတော့ တောမီးဧရိယာနှစ်ခုကို မီးထိန်းနိုင်ခဲ့ပေမယ့် အဲဒီတောမီးကြောင့် အရပ်သား ၁၂ ယောက်နဲ့ မီးသတ်သမား ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အနီးအနား ကျေးရွာတွေက ဒေသခံတွေကိုလည်း အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဇူလိုင် ၂၀ ရက်ကတည်းက ကာစတယ်လိုဘရန်ကိုခရိုင်မှာ တောမီးစလောင်ခဲ့ပြီး အနားက ဆန်တာရိမ်ဒေသကို ကူးစက်လာခဲ့တာပါ။ တောမီးနဲ့ပတ်သက်လို့ သံသယရှိဖွယ် အသက် ၅၅ နှစ်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် တောမီးလောင်ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး အယ်လ်ဒူဝါဒိုကာဘယီသာက ပြောပါတယ်။ လက်ရှိမှာတော့ ဝေဟင်ကနေ မီးသတ်ရဟတ်ယာဉ် အစီး ၃၀၊ မြေပြင်မှာ မီးသတ်ကား ၂၄၃ စီး၊ စစ်သားအယောက် ၂၀ အပြင် ဘူဒိုဇာလေးစီးနဲ့ လက်ကျန်တောမီးတွေကို ဆက်ငြှိမ်းနေကြပါတယ်။ ဒါပေမယ့် လေတိုက်အားပြင်းပြီး နေ့အပူချိန် မြင့်တက်နေတာကြောင့် မီးထိန်းဖို့ ခက်ခဲနေတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လက ပီဒရိုဂိုဂရန်ဒီမြို့မှာ တောမီးလောင်ကျွမ်းခဲ့တာကြောင့် လူ ၆၄ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၂၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတောမီးဟာ ခေတ်သစ် ပေါ်တူဂီသမိုင်းမှာ အဆိုးရွားဆုံး တောမီး သဘာဝဘေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up