အင်ဒိုနီးရှားတွင် အင်အား ၇ ဒသမ ၃ ရှိ ငလျင်လှုပ်

ဓာတ်ပုံ - AFP
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းက မာလူကိုစ်ကျွန်းစုမှာ ဇူလိုင် ၁၄ ရက်နေ့က အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၃ ရှိ ငလျင်တခု လှုပ်ခတ်ခဲ့တာကြောင့် လူတွေ ကြောက်လန့်တကြား လမ်းပေါ် ထွက်ပြေးလာကြပါတယ်။ နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်ခတ်ခဲ့ပြီး လက်ရှိမှာတော့ ငလျင်ကြောင့် အသေအပျောက် သတင်းတွေကို မသိရသေးပါဘူး။ အဲဒီငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရတာ မရှိဘူးလို့ အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီ (BMKG) က ပြောပါတယ်။ ဒါ့အပြင် ငလျင်ကြောင့် အခြေခံအဆောက်အဦတွေ ပျက်စီးတဲ့ သတင်းတွေလည်း မသိရသေးပေမယ့် ဒေသခံတွေဟာ နေအိမ်တွေထဲကနေ လမ်းမပေါ် ထွက်ပြေးလာပြီး ပင်လယ်ကမ်းနီး နေထိုင်သူတချို့ကလည်း အမြင့်ပိုင်းကို စတင်ရွှေ့ပြောင်းနေကြတယ်လို့ အင်ဒိုနီးရှား သဘာဝဘေး လျော့ပါးသက်သာစေရေး အေဂျင်စီ အရာရှိတယောက်က ပြောပါတယ်။ ၂၀၀၄ ခုနှစ်က အင်အား ရစ်ခ်ျတာစကေး ၉ ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်အပြီး ဆူနာမီရေလှိုင်းတွေ တက်ခဲ့လို့ အင်ဒိုနီးရှားနိုင်ငံထဲက လူအယောက် ၁ သိန်း ၂ သောင်း ၆ ထောင် အပါအဝင် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက်က လူပေါင်း ၂ သိန်း ၂ သောင်း ၆ ထောင် သေဆုံးခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up