ပါကစ္စတန် အဝဆုံးလူသား ရုတ်တရက် နှလုံးရပ်ပြီး သေဆုံး

ပါကစ္စတန်နိုင်ငံက ကိုယ်အလေးချိန်အများဆုံး လူသား နူးရ်ဟာဆန်ဟာ လာဟိုးမြို့က ဆေးရုံမှာ ဇူလိုင် ၈ ရက်နေ့က ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးခဲ့ပါတယ်။ ကိုယ်အလေးချိန် ၃၃၀ ကီလိုဂရမ်ရှိတဲ့ နူးရ်ဟာဆန်ဟာ ပြီးခဲ့တဲ့လက ခန္ဓာကိုယ်က အဆီပိုတွေ ဖယ်ထုတ်တဲ့ ခွဲစိတ်မှုကို ခံယူခဲ့ပြီး အောင်မြင်ခဲ့ပေမယ့် သူ့ကို နောက်ထပ် စောင့်ကြည့်ဖို့ အရေးပေါ် ကြပ်မတ်ကုသဆောင် ICU ထဲမှာ ဆက်ကုသပေးနေခဲ့တာပါ။ တနင်္လာနေ့က နူးရ်ဟာဆန်ကို စောင့်နေတဲ့ သူနာပြုဝန်ထမ်းဟာ ICU အခန်းထဲ သေဆုံးသွားတဲ့ တခြားလူနာတယောက်ရဲ့ မိသားစုဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်တာကို သွားဖြေရှင်းဖို့ အခန်းထဲက ထွက်သွားတဲ့အချိန်မှာ နူးရ်ဟာဆန် နှလုံးရပ် သေဆုံးသွားခဲ့တာပါ။ ဟာဆန်ဟာ အရင်ကတည်းက နှလုံးရောဂါ ခံစားနေရပြီး သူ့ကို အသက်ကယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့်လည်း အချည်းနှီး ဖြစ်ခဲ့ရတယ်လို့ ခွဲစိတ်ဆရာဝန် မာဇယ် ဟာဆန်က ပြောပါတယ်။ ဟာဆန်ရဲ့ ဇနီးသည်ကတော့ သူ့ခင်ပွန်း သေဆုံးရတာဟာ အရေးပေါ်ခန်းထဲမှာ ပြတင်းမှန်တွေကိုခွဲ ဆေးရုံဝန်ထမ်းတွေကို ရိုက်နှက်နေတဲ့ မိသားစုဝင်တွေကြောင့်လို့ အပြစ်တင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး ဆေးရုံရဲ့ CCTV စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကိုလည်း စစ်ဆေးနေတယ်လို့ ဆေးရုံပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့လက ဟာဆန်ဟာ ဆေးရုံတက်ဖို့ လမ်းမလျှောက်နိုင်တာကြောင့် ပါကစ္စတန်စစ်တပ်က သူ့ကို နေအိမ်ကနေ ဆေးရုံပို့ဖို့ ရဟတ်ယာဉ်နဲ့ ကူညီပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up