Home
မြန်မာသတင်း
မြန်မာပြည်အနှံ့က စာသင်ကျောင်းဆောင် ၃၀၀၀ခန့် ပြိုကျမည့် အန္တရာယ်ရှိနေ
DVB
·
June 28, 2019
မြန်မာနိုင်ငံတဝန်း ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်း ၄၇၀၀၀ အတွက် စာသင်ဆောင်ပေါင်း တသိန်းကျော် တည်ဆောက်ထားပြီး အဲဒီအထဲက ကျောင်းဆောင်ပေါင်း ၃၀၀၀ ကျော်ဟာ ပြိုကျမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောပါတယ်။ ဇွန်လ ၂၇ ရက်က နေပြည်တော် Park Royal ဟိုတယ်မှာ ကျင်းပတဲ့ ICT For Education Forum ဆွေးနွေးပွဲ အခမ်းအနားမှာ ပညာရေးဝန်ကြီးက ပြောကြားလိုက်တာပါ။ “မြန်မာနိုင်ငံမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ကျောင်းတွေသည် မြေပိုင်ဆိုင်မှုမရှိဘူး။ ခြံစည်းရိုးလည်း မရှိဘူး။ မိဘတွေကလည်း သူ့ဘာသာသူ မြေဝယ်ရတယ်။ ခြံစည်းရိုး မခတ်နိုင်လို့ ဒီအတိုင်းထားရတယ်။ မြေပိုင်ဆိုင်မှုကျတော့ ဂရမ်မရှိဘူး။ ကျောင်းကိုလည်း ဖြစ်သလို တည်ဆောင်ထားတဲ့ အခါကြတော့ နှစ်စဉ် ကျောင်းဆောင်ပေါင်း ၃၀၀၀ နီးပါးဟာ အန္တရာယ်ရှိ ကျောင်းဆောင်တွေဖြစ်နေတယ်” လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် အရေးကြီး လုပ်ဆောင်ရမယ့် သင်ကြားရေး၊ ဆရာ ဆရာမ အလုံအလောက် ထားရှိနိုင်ရေး လုပ်ငန်းစဉ်ရဲ့ နောက်မှာ ဒုတိယဦးစားပေးလုပ်ငန်းအဖြစ် ကျောင်းဆောင်တွေ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်ကို ထည့်သွင်း လုပ်ဆောင်နေတယ်လို့လည်း ပညာရေးဝန်ကြီးက ဆိုပါတယ်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အနာဂတ်ကာလမှာ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကွန်ပျူတာ ပညာရပ်တွေကို အခြေခံအဆင့်ကနေပြီး တက္ကသိုလ်အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားနိုင်ဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024