Home
မြန်မာသတင်း
တောင်သူအရေးတက်ကြွလှုပ်ရှားသူ ၂ ဦးကို ထောင်ဒဏ် ၄ လ စီ အမိန့်ချ
Aung Aung Naing
·
June 24, 2019
မန္တ​လေးတိုင်း၊ ပုသိမ်​ကြီးမြို့နယ်မှာ တောင်သူတွေ သပိတ်မှောက်ဆန္ဒပြတာနဲ့ ပတ်သက်ပြီး တောင်သူအရေးတက်ကြွ လှုပ်ရှားသူ ၂ ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ကျခံစေဖို့ ပုသိမ်ကြီးမြို့နယ်တရားရုံးက ဒီကနေ့ အမိန့်ချမှတ်ပါတယ်။ တောင်သူအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်းက “ကျနော်တို့ စဖြစ်တဲ့နေ့က ဆန္ဒပြတာ လည်း မဟုတ်ဘူး။ စီတန်းလှည့်လည်တာလည်း မဟုတ်ဘူးဘယ်သူမှလည်း ဆန္ဒမပြဘူးလေ အဲ့ဒီနေ့က ကိုအေးသိန်း ဆိုရင်လည်း ညနေပိုင်းမှ ရောက်လာတယ်။ တောင်သူတွေ သပိတ်စခန်းဖွင့်တဲ့ အချိန်မှာ ကျနော်တို့လည်း မရှိဘူး။ ဒါကို တရားလိုနဲ့ လိုပြသက်သေတွေရဲ့ ထွက်ချက်ကိုပဲ ယူပြီး အပြစ်ရှိတယ်ယူဆပြီး အမိန့်ချခဲ့တယ်။ တရားရေးကတော့ ပျက်စီးနေပြီ”လို့ ပြောပါတယ်။ ဒီအမူဟာ ၂၀၁၆ ခုနှစ်ကတည်းကစပြီး ဖြစ်ပွားခဲ့ကာ အမှုဖွင့်ပြီးတရားစွဲဆိုနေချိန်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ရခြင်းမရှိသေးတာကြောင့် မူလဥပဒေအတိုင်း ပုဒ်မ ၁၈နဲ့ အမိန့် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ တရားစွဲဆိုခံရတဲ့ ကိုမျိုးဝင်းနဲ့ ကိုအေးသိန်းက အချုပ်နဲ့ အမှုရင်ဆိုင်ခဲ့ပြီး ပြစ်ဒဏ်ထက် ပိုပြီးကျော်လွန်ကာ အကျဉ်းထောင်အတွင်း ကျခံခဲ့ရတဲ့အတွက် ကိုအေးသိန်းက တရားရုံးရှေ့မှာဘဲ ဒီကနေ့ လွတ်မြောက်ခဲ့ပြီး ကိုမျိုးဝင်းကတော့ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ငြိမ်းစုစီ ပုဒ်မ -၁၈ အရ ပြစ်ဒဏ် ဆက်လက်ကျခံရမှာဖြစ်ပါတယ်။ ကိုမျိုးဝင်းကို မဟာအောင်မြေတရားရုံးက ဇွန်လ ၂၀ ရက်နေ့ကလည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၂၀ အရ ထောင်ဒဏ် တစ်လ ချမှတ် ထားပါတယ်။ မြေသိမ်းဆည်းခံရတဲ့ တောင်သူတွေကို မြေပြန်လည်ရရှိရေးအတွက် သပိတ်စခန်း ဖွင့်ကြရတာလည်းဖြစ်ပါတယ်။ တောင်သူ ၂၈ ဦးပိုင်​တဲ့  မြေဧက ၁၇၃ ဧက ​ကျော်​ကို ၁၉၉၇ ခုနှစ်​က ဗဟိုမီးသတ်​ သင်​တန်း​ကျောင်းဖွင့်ဖို့ လျော်​​ကြေးတစုံတ​ရာ မပေးဘဲ​သိမ်းယူခဲ့ကာ လက်ရှိမှာ မီးသတ် သင်တန်းကျောင်း မဟုတ်ပဲ စစ်မှုထမ်းဟောင်းသင်တန်းကျောင်း ဖွင့်လှစ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024