Home
မြန်မာသတင်း
ကြေးနီစီမံကိန်းပြန်သုံးသပ်ရန် ပညာရှင်များ အကြံပြု
အေးနိုင်
·
November 21, 2012
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ မြန်မာပညာရှင်တွေက ကွင်းဆင်း စမ်းသပ်စစ်ဆေးပြီး ဒီစီမံကိန်းကို ပြန်သုံးသပ်ဖို့ သမ္မတဦးသိန်းစိန်ထံ အကြံပြုစာ ပေးပို့ထားပါတယ်။ သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ စီးပွားရေး၊ မိုးလေ၀သ စတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေပါဝင်တဲ့ မြန်မာအစိမ်းရောင်ကွန်ယက်က ပညာရှင်တွေဟာ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း နားက ၀က်မှေးကျေးရွာနဲ့ အရင်တုန်းက ကြေးနီစီမံကိန်း တခုကြောင့် ပျက်စီးခဲ့တဲ့ ကံကုန်းကျေးရွာတွေမှာ ရေထုနဲ့ မြေထုတွေကို သိပ္ပံနည်းကျစစ်ဆေးပြီး  နှိုင်းယှဉ်တွေ့ရှိချက်တွေကို တင်ပြလိုက်ကြတာဖြစ်ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ယက် ပြောခွင့်ရသူ ဒေါ်ဒေ၀ီသန့်စင်က ရွာ ၂ ရွာက ရေထုမြေထု တွေ့ရှိမှု နှိုင်းယှဉ်ချက်ကို ခုလို ပြောပြပါတယ်။ “စံပယ်တောင် မရှိတော့တဲ့အတွက် အဲတုန်းက လုပ်လိုက်တဲ့ ကိစ္စတွေမှာ ကံကုန်းရွာက မြေအောက်ရေတွေ၊ လယ်ယာမြေတွေ အကုန်ပျက်စီးသွားတယ်။ ၀က်မှေးမှာလည်း အခုလက်ရှိ သုံးနေတဲ့ရေတွေကို စမ်းပါတယ်။ မြေနမူနာမှာ မြေဆီလွှာဟာ အဆိပ်အတောက်ဖြစ်မှု နည်းပါးနေတယ်။ ဒါပေမယ့် မြေဆီလွှာ ကြေးနီပါဝင်မှုဟာ သန့်စင်မှုစံသတ်မှတ်ချက်ထက် ကျော်လွန်နေတဲ့အတွက် အသီးအနှံအမျိုးအစားအလိုက် ဂရုစိုက် ရွေးချယ်စိုက်ပျိုးသင့်တယ်ဆိုတာကို မြေဆီလွှာပညာရှင်တွေက အကြံပြုချက်ပေးထားပါတယ်။” အဲဒီကြေးနီစီမံကိန်းဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံတော်စီမံကိန်းဖြစ်ပြီး အခုလက်ရှိမှာလည်း စီမံကိန်းရပ်တန့်ဖို့ ဒေသခံတွေ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ မြေထု ရေထု စမ်းသပ်ချက် ၂ ခုအပြင် ဒေသခံတွေက လက်ပန်းတောင်းတောင် ဆက်လက်တည်ရှိလိုတဲ့ဆန္ဒနဲ့ ဘာသာရေးရှုထောင့်အရ ရှုမြင်ချက်ကိုပါ ထည့်သွင်းထောက်ပြပြီး စီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ တင်ပြခဲ့တယ်လို့ ဒေါ်ဒေ၀ီသန့်စင်က ဆက်ပြောပါတယ်။ “လူမှုရေးသက်ရောက်မှုအရ ပြန်ကြည့်ရင် ဒေသခံတွေအနေနဲ့ တောင် ၁ တောင်လည်း ပျောက်သွားပြီးပြီ၊ ဒီလက်ပန်းတောင်းတောင်ကြီးကို သဘာဝရှုခင်းအနေနဲ့ ထပ်အပျောက်မခံနိုင်တော့ဘူး။ ဘာသာရေးဘက်ကကြည့်ရင် လယ်တီဆရာတော်ဘုရားရဲ့ ကျောင်းတွေရှိတယ်၊ သိမ်တွေရှိတယ်။ ဒီနေရာဟာ ကမ္ဘာ့အမွေအနှစ်နေရာမှာ မပါပေမယ့်လည်း မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေဖြစ်တာရယ်၊ ဒေသခံတွေက သမိုင်းအနေနဲ့ ထားတဲ့အတွက် ဒါကို ထိခိုက်မှုရှိရင် မလုပ်သင့်ဘူးပေါ့နော်၊ ကျမတို့က နောက်ဆုံး အဲလို ကောက်ချက်ချပါတယ်။” ဒီတင်ပြချက်ကို သမ္မတဦးသိန်းစိန်အပြင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများ၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ်၊ သတ္တုတွင်း ပြည်ထောင်စုဝန်ကြီး၊ ဦးလွန်းသီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့ ဒီမိုကရေစီလူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဒါရိုက်တာအဖွဲ့နဲ့ မြန်မာအစိမ်းရောင် ကွန်ရက်အဖွဲ့ဝင်တွေကို မိတ္တူပို့ထားပါတယ်။ သူတို့ရဲ့ တင်ပြချက်နဲ့ပတ်သက်လို့တော့ တစုံတရာ တုံ့ပြန်မှုမရှိသေးဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024