Home
မြန်မာသတင်း
တွံတေးအုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်
DVB
·
June 21, 2019
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။ တွံတေးမြို့နယ်၊ ခလောက်ချိုက်ကွင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၅၂၊ ခလောက်ချိုက်ကွင်း၊ ဦးပိုင် (၈/က) ဧရိယာ ၂၀.၈၂ ဧကကို မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့တာနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဖွဲ့စည်းတဲ့ စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့ရာမှာ စစ်ဆေးရေးအဖွဲ့ရဲ့ ရေးသားချက်တွေ အမှန်ဖြစ်စေရေးအတွက် ငွေကျပ် သိန်း ၁၂၀  ပေးခဲ့ရခြင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခဲ့ခြင်း မရှိတဲ့အပြင် အသက်အန္တရာယ်ရှိကြောင်း ခြိမ်းခြောက်ပြောဆိုခြင်းအား အရေးယူပေးဖို့ ကော်မရှင်ကို နစ်နာသူက တိုင်ကြားခဲ့တာပါ။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းဟာ နစ်နာသူထံမှ ၁၅-၅-၂၀၁၈ ရက်နေ့မှာ တိုင်ကြားစာရေးသားပေးဖို့ ငွေကျပ် ၅ သိန်းနဲ့ တင်ပြလိုတဲ့ သက်သေထွက်ဆိုချက်တွေကို စစ်ဆေးရေးအစီရင်ခံစာမှာ ထပ်မံထည့်သွင်းပေးဖို့အတွက် ၂၅-၆-၂၀၁၈ ရက်နေ့မှာ ငွေကျပ် သိန်း ၁၂၀ တို့ကို တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ ဆိုပါတယ်။ တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး (ပ/၅၃၈၃) ဦးမိုးခိုင်ထွန်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တွံတေးမြို့မရဲစခန်းမှာ ဇွန် ၂၁ ရက်နေ့မှာ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024