Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၏ အမှတ်အသား တံဆိပ်၊ အလံကို တိုင်းလွှတ်တော်၌ ထပ်မံ တင်သွင်း
DVB
·
June 20, 2019
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အမှတ်အသား တံဆိပ်၊ အလံကို လူမှုရေးဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်မှာ ထပ်မံ တင်သွင်းလိုက်ပါတယ်။ တိုင်းလွှတ်တော်မှာ ကတိဖြစ်အဆိုဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တံဆိပ်၊ အလံတွေနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက ဒုတိယအကြိမ်အဖြစ် ဇွန်လ ၂၀ ရက်က ကျင်းပတဲ့ စစ်ကိုင်းတိုင်းလွှတ်တော် ပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။ ပြီးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတုန်းကလည်း ပထမအကြိမ်အဖြစ် တင်သွင်းခဲ့ပြီး အခုလက်ရှိအသုံးပြုနေတဲ့ တံဆိပ်နဲ့ အစိမ်းရောင် နေရာမှာ အနီရောင်ကို ပြောင်းလဲသွားတာပဲ ရှိလို့ဆိုကာ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြ ပါတယ်။ ဒါကြောင့် ဒုတိယအကြိမ်အဖြစ် ပြိုင်ပွဲကျင်းပကာ တိုင်းအစိုးရအဖွဲ့ကနေ ရွေးချယ်ထားတဲ့ တံဆိပ်၊ အလံကို လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်တယ်လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိအသုံးပြုနေတဲ့ တံဆိပ်က ပါတီတခုရဲ့ အမှတ်အသားနဲ့ တူညီနေတာကြောင့် ပြောင်းလဲပေးဖို့အဆိုကို ဇွန်လ ၁၁ ရက်က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်  အစည်းအဝေးမှာမုံရွာမြို့နယ်ကိုယ်စားလှယ် ဒေါ်အမာကြည်က လွှတ်တော်ကို တင်သွင်းခဲ့တာပါ။ ဒီအဆိုတင်သွင်းစဉ်ကလည်း ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် တဦးက ကန့်ကွက်ဆွေးနွေးခဲ့ ပါသေးတယ်။ အခုတင်သွင်းတဲ့ အလံ၊ တံဆိပ်နဲ့ပတ်သက်ပြီး လူမှုရေးဝန်ကြီးက လိုဂိုရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူမှုရေးဝန်ကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မဟုတ်ဘဲ ပြိုင်ပွဲဝင်သူရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်သာဖြစ်တယ်လို့ သိရပါတယ်။ လူမှုရေးဝန်ကြီးတင်သွင်းတဲ့ အလံ၊ အမှတ်တံဆိပ်နဲ့ပတ်သက်ပြီး လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ ပြန်လည်ဆွေးနွေးမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024