Home
မြန်မာသတင်း
ခရီးသွားလုပ်ငန်းကို ပြည်နယ်အဓိကလုပ်ငန်းအဖြစ် ဆောင်ရွက်နေဟု ကယားစီမံဘဏ္ဍ၀န်ကြီး ပြော
နော်နိုရင်း
·
June 7, 2019
ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းကို ပြည်နယ်ရဲ့ အဓိက လုပ်ငန်းတရပ်အနေနဲ့  အားပေးကူညီလုပ်ဆောင်နေတယ်လို့ ကယားပြည်နယ် စီမံဘဏ္ဍ၀န်ကြီး ဦးမော်မော်က ပြောပါတယ်။ လွိုင်ကော်မြို့ ပြညနယ်ခန်းမမှာ ပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဖွင့်မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောဆိုသွားတာပါ။ ကယားပြည်နယ်မှာ ခရီးသွားလုပ်ငန်း ဆောင်ရွက်ခဲ့တာ သက်တမ်း ၅ နှစ်ရှိခဲ့ပြီဖြစ်ပြီး ခရီးသွားလုပ်ငန်းကို ပြည်နယ်ရဲ့ အဓိကလုပ်ငန်းတရပ်အနေနဲ့ အားပေးကူညီနေတယ်၊ လူထုအခြေပြု လခရီးသွားလုပ်ငန်တွေ ဆောင်ရွက်နိုင်ဖို့  ပြည်နယ်အတွင်း ခရီးစဉ်ဒေသတွေမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အဦတွေကိုလည်း အစိုးရအနေနဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို မူဝါဒဆိုင်ရာတွေကိုလည်း ဖြေလျော့ပေးထားတယ်လို့ စီမံဘဏ္ဍာဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးလာစေဖို့နဲ့ပြည်သူတွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုးလာစေဖို့ ထိုင်းနဲ့မြန်မာနယ်စပ် BP  ၁၃ ကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ပေါက်အနေနဲ့ သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တင်ပြ ညှိနှိုင်းဆောင်ရွှက်နေတယ်လို့ ဆိုပါတယ်။ ဦးမော်မော်က “နှစ်နိုင်ငံ ခရီးသွားဧည့်သည် အပြန်အလှန် ၆ ညအိပ် ၇ ရက်ခရီးစဉ်အဖြစ် လည်ပတ်ခွင့်ရဖို့ BP 13 Border point အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ပေါက်၊ international border check point အနေနဲ့ သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တင်ပြပြီးတော့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒီအပြည်ပြည်ဆိုင်ရာ ၀င်ပေါက်မရသေးခင် စပ်ကြားမှာ Entry point အနေနဲ့ ၂ ညအိပ် ၃ ရက် ဒါမှမဟုတ်လည်း ၆ ညအိပ် ၇ ၇က် လည်ပတ် ခွင့်ရရေးကိုလည်း ပြည်ထောင်စုအစိုးရဆီကို တင်ပြထားပါတယ်” လို့ ပြောပါတယ်။ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ကို sister city အနေနဲ့ ကူးလူးဆက်ဆံရေးနားလည်မှု စာခွှန်လွှာ MOU ကို ၂၀၁၇ ခု မတ်လ ၉ ရက်နေ့က လက်မှတ်ထိုးထားပြီး နှစ်နိုင်ငံ ဖြတ်သန်းသွားလာမှု ပိုမိုမြင့်တက်အောင် ညှိနှိုင်းဆောင်ရွက်နေကြာင်းလည်း ပြောပါတယ်။ ကယားပြည်နယ်ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာဖို့ ပြီးခဲ့တဲ့နှစ်က ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတချို့ ၀င်ရောက်ခဲ့ပေမယ့် ဒီထက်မက ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ကြောင်း နဲ့ ဖိတ်ခေါ်ကြောင်း ၀န်ကြီးက ပြောပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့  စွန့်ပစ်ပစ္စည်းတွေ စနစ်တကျရှိအောင် မြို့သန့်ရှင်းသာယာရေးကို မထိခိုက်အောင်လည်း လုပ်ဆောင်နေကြာင်းလည်း ပြောပါတယ်။ လွိုင်ကော်မြိုကအနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ်  ဘရူနိုင်းနိုင်ငံမှာကျင်းပမယ့် TOURIST CITY SENDEND AWARD မှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီညီလာခံကနေ ထည့်သွင်းဆွေးနွေးပေးဖို့လည်း ၀န်ကြီးက တိုက်တွန်းသွားပါတယ်။ “ကျနော်တို့ လွိုင်ကော်မြို့တော်အနေနဲ့လည်း အသန့်ရှင်းဆုံးမြို့တော်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဒီကွန်ဖရန့်မှာ ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့အတွက်ကို ထည့်သွင်းပြီးတော့ ဆွေးနွေးပေးပါလို့ ကျနော်မေတ္တာ ရပ်ခံလိုပါတယ်။” မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဒါရိုက်တာ Vicky Bowman ကလည်း စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းမှာ အဓိက တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ လိုအပ်တယ်တယ်လို့ သူရဲ့ အခမ်းအနာအဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။ “Responsible business ကျမတို့အနေနဲ့ ဒီကိစ္စတွေ လုပ်ရတယ်။ ဒီကိစ္စတွေ အကုန်လုံးက Tourism နဲ့ ဆိုင်တယ်။ ဥပဒေလေးစားရတယ်။ ပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေးတွေ လေးစားရတယ်။ ဥပမာ ဌာနေတိုင်းရင်းသား သို့မဟုတ် အလုပ်သမား အခွင့်အရေးလေးစားရတယ်။ သဘာဝပတ်ဝန်းကျင် လေးစားရတယ်။ အခုန ၀န်ကြီးပြောသွားတာ တော်တော်ဝမ်းသာစရာ ကောင်းပါတယ်။ ဒီ clean city ဖြစ်မယ်ဆိုရင် ကျမတို့ အားလုံးစုပေါင်းပြီးတော့ ကူညီပေးရမယ်။ ဒီကိစ္စက အရမ်းအရေးကြီးတယ်။” ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဂဏ္ဍဟာ ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်နေပြီး MCRB အနေနဲ့လည်း အစီရင်ခံစာချုပ်ပြီး လှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့တယ်၊ ပွင့်လင်းမြင်သာမှုရှိမှသာ ယုံကြည်မှု ပိုရမှာဖြစ်သလို ခရီးသွားလုပ်ငန်းမှာ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးကလည်း အဓိက လိုအပ်ကြောင်း ပြောပါတယ်။ ကယားပြည်နယ်မှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း လတ်တလော ကျေးရွာ ၄ ရွာ ဖြစ်တဲ့ ပန်ပက်ကျေးရွာ၊ တနီးလာလဲကျေးရွာ၊ ထေခိုကျေးရွာနဲ့ ဒေါသမကြီးကျေးရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်းအနေနဲ့ ဖော်ဆောင်နေကြာင်း ကယားပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဇော်ထွဋ်က ပြောပါတယ်။ “လက်ရှိမှာတော့ ပန်ပက်နဲ့ တနီးလာလဲကိုပဲ ကျနော်တို့ ဆောင်ရွက်နိုင်ပြီးတော့ ဒေါသမကြီး၊ ထေးခိုက ကန့်သတ်ဧရိယာထဲမှာ ရောက်နေတဲ့အတွက်ကြောင့် ကျနော်တို့ ပြည်ထောင်စုအဖွဲ့ကို တင်ပြတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ ကနေပြီးတော့ ကန့်သတ်ဧရိယာကနေ ဖြေလျော့ပေးဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။” စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ ဇွန်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပါ။ ဒီဆွေးနွေးပွဲကို ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း (HSF)၊ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုအဌာန (MCRB)၊ မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်းအဖွဲ့ (MRTI)နဲ့ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) တို့က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကယားပြည်နယ်အစိုးရတို့ရဲ့ ပံ့ပိုးမှုနဲ့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ဒီပွဲမှာ ခရီးသွးလုန်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွန်တွေ၊ ကယားပြည်နယ်နဲ့ မြန်မာနိုင်ငံတ၀ှမ်း လူထုအခြေပြု ခရီးသွားလုပ်နင်းဆိုင်ရာ အသင်းအဖွဲ့ စတဲ့ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်သူ ၃၄၄ ဦးတက်ရောက်နေတာဖြစ်ပါတယ်။ လူထုနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွေကို ၂၀၁၅ ဒီဇင်ဘာနဲ့ ၂၀၁၇ ဇွန်လတွေက နေပြည်တော်မှာ ကျင်းပခဲ့ပြီး ၂၀၁၈ ခုဇွန်လမှာတော့ ကလောမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး စတုတ္ထအကြိမ်ကို အခု လွိုင်ကော်မြို့မှာ ကျင်းပတာပါ။ ဒီစတုတ္ထအကြိမ်ဆွေးနွေးပွဲမှာတော့ ရိုးရာဓလေ့ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းတွေနဲ့ ကယားပြည်နယ်အား မဖြစ်မနေ လည်ပတ်ရမယ့် ခရီးသွားဒေသတခုအဖြစ် ပုံဖော်သွားမယ်လို့လည်း ဦးဆောင်ကျင်းပတဲ့ အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024