ဘန်ကောက် ကျတူးကျတ်လေဟာပြင်ဈေး မီးလောင်၊ ဆိုင်ခန်းပေါင်း ၁၁ဝ ကျော်ဆုံးရှုံး (ရုပ်သံ)

ဓာတ်ပုံ - Twitter/KamOTwit
ထိုင်းနိုင်ငံ ဘန်ကောက်က ကျတူးကျတ် လေဟာပြင်ဈေးမှာ ဇွန်လ ၂ ရက် ည ၉ နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၁၁ဝ ကျော် ဆုံးရှုံးခဲ့ပါတယ်။ အဲဒီမီးဟာ ဈေးတံခါးအမှတ် ၁ ရှိ ဆဲလ်လမိတ် ကြွေထည်ဆိုင်တဆိုင်က စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စစ်ဆေးဆဲဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးသွားတဲ့ တန်ဖိုးကို တာဝန်ရှိသူတွေက ဘတ်သန်းပေါင်း တရာကျော်မယ်လို့ ခန့်မှန်းကြောင်း ဘန်ဆိနယ်မြေ ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး အခရတေခ်ျ ဖူးဆိုင်က  သတင်းထောက်တွေကို ပြောပါတယ်။ ဈေးသည်တဦးကလည်း မီးသတ်ကားတွေ ရောက်ရှိလာပေမယ့် လမ်းတွေ ကျဉ်းမြောင်းတာကြောင့် အထဲဝင်လို့မရဘဲ မီးသတ်ပိုက် အရှည်ကြီး သုံးပြီး ရေပက်ရတာကြောင့် ဆုံးရှုံးမှု များရတယ်လို့ ဆိုပါတယ်။ တခြား ဈေးသည်တဦးက ကျတူးကျတ်ဈေး ဖွင့်ထားတာဟာ နှစ်ပေါင်း ၃ဝ ကျော်ပြီဖြစ်ပြီး လျှပ်စစ်ဝိုင်ယာကြိုးတွေ အသစ်လဲမလဲ မသေချာကြောင်း၊ မီးကြိုးအမြောက်အမြား သွယ်တန်းထားကာ လေအေးစက်တပ်ဆင်မှုတွေလည်း များလာတာကြောင့် လျှပ်စစ်ဓာတ်အား ဆွဲယူသုံးစွဲမှုများကာ အပူလွန်ကဲလို့ မီးလောင်တာ ဖြစ်နိုင်ကြောင်း ချန်နယ်လ် ၃ သတင်းထောက်ကို ပြောပါတယ်။ ဒီနေ့မနက်မှာ မီးလောင်မှု ဖြစ်ပွားတဲ့ နေရာကို ဘန်ကောက်ခရိုင်ဝန် ဗိုလ်မှူးချုပ် အဆဝင်း ခဝမ်မိုင်း လာရောက်စစ်ဆေး ကြည့်ရှုသွားပြီး မီးထဲပါသွားတဲ့ ဆိုင်ခန်းပေါင်း ၁၁ဝ အတွက် ကရုဏာကြေးအဖြစ် တခန်းကို ဘတ်တသောင်း ပေးမယ်လို့ ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up