Home
မြန်မာသတင်း
ကျောက်ဆည်မြို့မရဲစခန်းတွင် ထမင်းလာပို့သည့် အမျိုးသမီးတဦးထံမှ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 1, 2019
ကျောက်ဆည်မြို့မရဲစခန်းမှာ အချုပ်သားထံ ထမင်းလာပို့တဲ့ အမျိုးသမီးတဦးဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဇွန် ၁ ရက်နေ့ မနက် ၁၁ နာရီခွဲက ကျောက်ဆည်မြို့မရဲစခန်းအတွင်း အချုပ်သားထံ ထမင်းထုပ်လာပို့တဲ့ အမျိုးသမီးတဦးထံကနေ စိတ်ကြွမူးယစ်ဆေးပြားတွေ၊ ပင်နယ်ဆလင် ပုလင်း နဲ့ ထည့်သယ်လာတဲ့ ဘိန်းဖြူမှုန့်အချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်ဆည်မြို့မရဲစခန်းကနေ သိရပါတယ်။ ကျောက်ဆည်ရဲစခန်းအတွင်း တလင်တမယားပုဒ်မနဲ့ ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသားထံ ထမင်းလာပို့တဲ့ အသက် ၄၅ နှစ်အရွယ် အဆိုပါ အမျိုးသမီးကို ရှာဖွေရာမှ စီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်ရဲ့ ညာဘက် ဖရိန်တန်းမှာ တိပ်အနက်နဲ့ ကပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ စိတ်ကြွ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူလို့ယူဆရတဲ့ ဖြူဝါရောင် အမှုန့် ၀.၂ ဂရမ်၊အပြာရောင်ကပ်ခွာအိပ်အတွင်းက ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၄  ပြားတို့ ဖြစ်တယ်လို့ ကျောက်ဆည်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ "သတင်းအရ မသင်္ကာလို့ရှာတော့ အဲ့ဒါတွေ့တာပဲလေ၊ စခန်းအပေါက်မှာ။” ဖမ်းဆီးမိတဲ့ ဒေါ်လှလှမော်ကို ဆက်လက်စစ်ဆေးရာမှာ ရောင်းချဖို့အတွက် တဆင့်ပြန်လည်ဝယ်ယူလာတယ်လို့ သိရတာကြောင့် ကွင်းဆက်တရားခံကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ။ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ဒေါ်လှလှမော်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၉(က)အရ အမှုဖွင့်လှစ် ဖမ်းဆီးထားတယ်လို့ ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။ သတင်း-ထိန်ထိန်လင်း၊ ဓာတ်ပုံ-ကျောက်ဆည် ရဲတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024