ဖိလစ်ပိုင်က အမှိုက်ကုန်သေတ္တာ ၆၉ လုံးကို ကနေဒါနိုင်ငံ ပြန်ပို့

ဖိလစ်ပိုင်အာဏာပိုင်တွေဟာ  အမှိုက်ကုန်သေတ္တာ ၆၉ လုံးကို သင်္ဘောနဲ့ ကနေဒါနိုင်ငံဆီ ပြန်ပို့ဖို့ မေလ ၃၀ ရက်နေ့က လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီက အမှိုက်တွေကို အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံက လက်မခံတဲ့ နောက်ထပ်ဖြစ်ရပ်တခုပါ။ ၂၀၁၃ နဲ့ ၂၀၁၄ က ကုန်သေတ္တာအလုံးရေ တရာကျော်ရှိတဲ့ အဲဒီအမှိုက်တွေကို ပြန်လည်သုံးစွဲဖို့ဆိုပြီး ကနေဒါကနေ ဖိလစ်ပိုင်နိုင်ငံကို ပို့ခဲ့တာပါ။ အဲဒီကုန်သေတ္တာတွေမှာ ပြန်သန့်စင်လို့ရတဲ့ ပလတ်စတစ် အမှိုက်တွေလို့ တံဆိပ်ကပ်ထားပေမယ့် ဖွင့်ကြည့်လိုက်တဲ့အခါ အီလက်ထရောနစ် အမှိုက်တွေနဲ့ အိမ်သုံးပစ္စည်း အမှိုက်ဆွေးတွေ ဖြစ်နေတာကြောင့် ဖိလစ်ပိုင်နဲ့ ကနေဒါအကြား အငြင်းပွားခဲ့ကြပါတယ်။ အဲဒီအငြင်းပွားမှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ တရားရင်ဆိုင်ရာမှာတော့ ကနေဒါဟာ   အမှိုက်တွေ ပြန်လက်ခံရမယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကနဦး အမှိုက်ကုန်သေတ္တာအလုံး တရာကျော်ရှိပေမယ့် တာလတ်ပြည်နယ် မြေဖို့တဲ့နေရာမှာ ဖိလစ်ပိုင်က အမှိုက်တချို့ကို သုံးခဲ့တာကြောင့် ကုန်သေတ္တာ ၆၉ လုံးပဲ ကျန်ခဲ့တာပါ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေကလည်း ကနေဒါအစိုးရကို အမှိုက်တွေပြန်ယူဖို့ မေလ ၁၅ ရက်နေ့အထိ ကနဦး အချိန်ပေးခဲ့ပြီး အဲဒီလိုမှမဟုတ်ရင် စစ်ကြေညာမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကြောင့်မို့ မေလ ၃၀ ရက်နေ့က ဖိလစ်ပိုင် အာဏာပိုင်တွေဟာ အဲဒီ အမှိုက်ကုန်သေတ္တာတွေကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ဆီ ထွက်ခွာမယ့် သင်္ဘောပေါ်တင်နေတာကို ရိုက်တာသတင်းက ဖော်ပြပါတယ်။ အဲဒီသင်္ဘောဟာ မေလ ၃၁ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ကနဦး ဆိုက်ကပ်မှာဖြစ်ပြီး အဲဒီကနေတဆင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ကို ရက် ၂၀ ကြာ ခရီးဆက်မှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up