Home
မြန်မာသတင်း
ဘာသာရေးပဋိပက္ခတားဆီးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
May 7, 2019
ဘာသာရေးပဋိပက္ခတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးပြီး ပဋိပက္ခကြောင့် ဒုက္ခ ရောက်သူတွေကို အပြည့်အဝ ကူညီစောင့်ရှောက်ကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မေ ၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့ရဲ့ ဒုတိယအကြိမ် အကြုံပြုဆွေးနွေးဝိုင်းဖွင့်ပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံတို့ရဲ့ မတူကွဲပြားတဲ့ ဘာသာ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုများ ထားရှိပြီး တည်ငြိမ်အေးချမ်းတဲ့ လူနေမှုဘဝကို မြှင့်တင်ပါ၊ ဘာသာရေးပဋိပက္ခတွေ  မဖြစ်ပွားအောင် ကာကွယ်တားဆီးပြီး ပဋိပက္ခကြောင့် ဒုက္ခ ရောက်သူတွေကို အပြည့်အဝ ကူညီစောင့်ရှောက်ပြီး ပြန်လည် ထူထောင်ပေးပါ၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေမှာ မိမိတို့ယုံကြည် ကိုးကွယ်ရာဘာသာတရားရဲ့ သွန်သင် ဆုံးမချက်တွေနဲ့အညီ အပြန်အလှန်လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့  တိုက်တွန်းလိုပါတယ်” ဒါ့အပြင် ဆွေးနွေးပွဲတွေ အမြဲမပြတ်လုပ်ဆောင်ပြီး ကိုးကွယ်ရာ ဘာသာတူသူတွေ အချင်းချင်း၊ ကိုးကွယ်ရာဘာသာမတူညီတဲ့ ဘာသာဝင်တွေအချင်းချင်း တဦးနဲ့ တဦး ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲ နေထိုင်နိုင်ကြဖိုလည်း တိုက်တွန်းပြောကြားပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့ရဲ ဒုတိယအကြိမ် အကြုံပြုဆွေးနွေးဝိုင်းကို မေ ၇ ရက်ကနေ  ၈ ရက်အထိ သင်္ဂဟိုတယ်မှာ ၂ ရက်တာ ကျင်းပနေတာပါ။ ပထမအကြိမ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို ၂၀၁၈ နိုဝင်ဘာ ၂၁ ရက်ကနေ ၂၂ ရက်အထိ နေပြည်တော် MICC−2 မှာ ကျင်းပခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024