ဆီးရီးယားတွင် ပေါက်ကွဲမှုတခုကြောင့် ခမောက်ဖြူ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦး သေဆုံး

ဆီးရီးယားနိုင်ငံ အီဒလစ်ပြည်နယ် မြောက်ပိုင်းက ရာကာယာ ဆင်ဂျာဟ်ကျေးရွာမှာ မေလ ၄ ရက်နေ့က ပေါက်ကွဲမှုတခုကြောင့် ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့လို့ လူသိများတဲ့ ခမောက်ဖြူ (White Helmets) ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက် သေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာကနေ အဲဒီအမျိုးသားကို အရေးပေါ် လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားပေမယ့် ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ခမောက်ဖြူအဖွဲ့က ပြောပါတယ်။ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေနဲ့ သူ့ရဲ့မဟာမိတ် ရုရှားတပ်တွေဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဆီးရီးယား အနောက်မြောက်ဘက် ဒေသကို မေလ ၄ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မကြာသေးခင်က အီဒလစ်ပြည်နယ်နဲ့ အနီးအနားဒေသတွေမှာ ပဋိပက္ခတွေ မြင့်တက်ခဲ့ပါတယ်။ အဲဒီအခြေအနေကြောင့် ၂၀၁၈ စက်တင်ဘာလကတည်းက ဆီးရီးယားအစိုးရက ထိုးစစ်မဆင်အောင် ဟန့်တားထားတဲ့ ရုရှား-တူရကီ သဘောတူညီချက်ကို လိုက်နာရေး အခြေအနေ တင်းမာလာစေခဲ့ပါတယ်။ အမြောက်ဆန်တွေ ကျရောက်တာကြောင့် ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးပြီး ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသမှာရှိတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။ အချိန် ၁၅ လအတွင်း အဆိုးဆုံးအနေနဲ့ စည်ပိုင်းဗုံးတွေသုံးပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up