Home
မြန်မာသတင်း
ဆင်တုပ်ကွေးရောဂါ ကူးစက်တာ ထားဝယ်မြို့ပေါ်မှာ တော်တော်များနေပြီ - ဒေါက်တာ နန္ဒ၀င်း
နော်နိုရင်း
·
April 27, 2019
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ နဘူးလယ်ဒေသမှာ ပြီးခဲ့တဲ့မတ်လက  ဆင်တုပ်ကွေးရောဂါ အစုအလိုက် အပြုံလိုက်ဖြစ်နေပြီး ဒီလမှာတော့ အဲဒီကနေ တဆင့် ထိစပ်နေတဲ့ ထားဝယ်မြို့နဲ့ အခြား မြို့နယ်တွေမှာ ကူးစက်ပျံ့နှံ့လာတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှတဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ နန္ဒဝင်းက ပြောပါတယ်။ ကူးစက်ပြန့်ပွားမှုအခြေအနေ၊ ကာကွယ်ရမယ့်အနေအထားတွေနဲ့ပတ်သက်ပြီး ဒေါက်တာ နန္ဒ၀င်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ တနင်္သာရီတိုင်းထဲမှာ ဆင်တုပ်ကွေးရောဂါဖြစ်ပြီးတော့ တခြားနေရာတွေကိုလည်း ကူးစက်ပျံ့နှံ့နေတယ်လို့ သိရပါတယ်။ အခုနောက်ဆုံးအခြေအနေ ဘယ်လိုတွေရှိလဲ ပြောပြပေးပါဦးရှင့်။ ဖြေ။ ဟုတ်၊ ရောဂါက ထားဝယ်မြို့နယ်ထဲဝင်နေပြီပေါ့။ ထားဝယ်ကမြို့ပေါ့။ အရင်စဖြစ်တဲ့ နေရာက နဘူးလယ်။ နဘူးလယ်ဆိုတော ထားဝယ်ကနေ တော်တော်သွားရတယ်။ ၁ နာရီခွဲလောက်သွားပြီးမှ ရောက်တဲ့နေရာပေါ့။ အဲဒီနေရာမှာ သူက ဘုရားပွဲတွေလုပ်လိုက်တယ်။  ဘုရားပွဲတွေ လုပ်လိုက်တော့ ဘုရားပွဲတွေမှာ လူဝင်လူထွက်တွေက ရှိတယ်။ အဲဒီလူဝင် လူထွက်ကနေတဆင် ဒီဘက်တွေ၊ မြို့နယ်ဘက်တွေကို ရောက်လာတာပေါ့နော်။ ကျနော်တို့ကလည်း ဘုရားပွဲလုပ်တဲ့ရက်တွေကို ထိန်းချုပ်လို့တော့မရခဲ့ဘူး။ ရောဂါနှိမ်နင်းရေးနဲ့ ထိန်းချုပ်မှုတွေကတော့ လုပ်ထားတယ်။ ဒါပေမယ့် အဲဒီကိုသွားတဲ့ လူအရေအတွက်က များတယ်ပေါ့နော်။ အဲဒီကနေဆင့် တခြားမြို့နယ်တွေ၊ ကျနော်တို့ တိုင်းအတွင်း မြို့နယ်တွေကို ကူးတယ်ပေါ့။ ကျန်တဲ့တိုင်းနဲ့ မြို့နယ်တွေကိုတော့ မရောက်သေးဘူးလို့ ထင်တာပဲ။ ထိစပ်မြို့နယ်တွေပေါ့။ ထိစပ်တာက ထားဝယ်ရှိတယ်ဗျာ၊ ပြီးတော့ သရက်ချောင်း၊ လောင်းလုံပေါ့။ အဓိက လောင်းလုံနဲ့ ထားဝယ်မြို့နယ် ၂ မြို့နယ်ပေါ့။  အခုက ထားဝယ်မြို့ပေါ်ကတော့ တော်တော်များနေပြီပေါ့။ မေး။ ကူးစက်ခံရတဲ့ သူအများစုက ဘယ်လိုအသက်အရွယ်တွေက များလဲ။ ဖြေ။ လူလတ်ပိုင်းဖြစ်တာက ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရီးသွားလာဖြစ်တော့ နောက်ပြီး နေခင်းကိုက်တဲ့ခြင်ကြောင့်ဖြစ်တယ်။ ဖြစ်ပြီးတော့ သူက လူတွေကို အသက်အန္တရာယ်တော့ မပေးဘူးပေါ့နော်။ ဒါပေမယ့် အဆစ်ကိုက်တာ၊ ဖျားတာကတော့ ခံရတယ်ပေါ့နော်။ သူက အဆစ်ကိုက်တာရယ်၊ ဖျားတာရယ် ၅ ရက်နေပြီးတော့ သက်သာတယ်။ အဲဒါပြီးရင်တော့ တသက်လုံး ထပ်မဖြစ်တော့ဘူး။ မေး။ ကူးစက်ခံရတဲ့သူက ဘယ်လောက်လောက်ရှိတယ်လို့ ပြောလို့ရမလဲ။ ဖြေ။ အခုဆိုရင် ရာနဲ့ချီရှိပြီလို့ ပြောလို့ရမှာပေါ့။ ဘာလို့လဲဆိုတော့ မြို့ထဲမှာကို ရောက်နေပြီဆိုတော့လေ။ ရပ်ကွက် ၃၃ ရပ်ကွက်ရှိတယ်။ ၁၀ ရပ်ကွက်လောက်ကတော့ အောက်ထစ်ဝင်နေပြီပေါ့။ အချို့နေရာကျတော့ ကွက်ကျားကွက်ကျား။ ကျနော်တို့က ဘာလဲဆိုတော့ သတင်းမတက်ဘူး။ အပြင်မှာ ဆေးကုနေတဲ့ ဆရာဝန်တွေဆီကနေ သတင်းပြန်ကြားတော့ ကျနော်တို့ကလည်း ခြင်မပေါက်ပွားအောင်လုပ်တဲ့ဟာနဲ့ ဆေးခတ်တဲ့လုပ်ငန်းတွေကိုတော့ လိုက်လုပ်နေတာပေါ့နော်။ မေး။ အဲဒီရောဂါရဲ့ လက္ခဏာက ဘယ်လိုမျိုးတွေလဲ၊ ဖြေ။ ရောဂါကတော့ အဓိကကတော့ ဖျားတယ်။ တုပ်ကွေးနဲ့ တော်တော်များများ တူတယ်ဗျာ။ အရင်တုန်းက ဂျပန်တုပ်ကွေးလို့ ခေါ်တာပေါ့။ ဒါပေမယ့် တုပ်ကွေးက အသက်ရှူလမ်းကြောင်းကကူးတယ်။ ဒီကောင်ကကျတော့ ခြင်ကိုက်မှကူးတယ်။ ရောဂါ လက္ခဏာကတော့ အဆစ်အမြစ်ကိုက်ခဲ့တယ်။ အဲဒါပြီးရင် သူက ခေါင်းကိုက်တာတို့ ပျို့တာ အန်တာတို့ နည်းနည်းတော့ရှိတယ်။ ဒါပေမယ့် အဓိက လက္ခဏာက အဆစ်ကိုက်တာ။ ခေါင်းကိုက်တာ၊ ကြွက်သားကိုက်တာဆိုပေမယ် အဆစ်ကိုက်တာ ပိုများတယ်။ ပြီးရင် အနီပြင်ထပြီးတော့ ယားတာဖြစ်တယ်ပေါ့။ အဲဒါ ၅ ရက်လောက်နေပြီးရင်တော့ ရောဂါလက္ခဏာ သက်သာသွားတယ်။ တသက်လုံးထပ်မဖြစ်တော့ဘူး။ တချို့ကျတော့လည်း အဆစ်ကိုက်တာတွေကို ကျန်နေတတ်တယ်ပေါ့။ လေးငါးလလောက်အထိ ခံစားရတယ်ပေါ့။ အမြဲတမ်းကြီးတော့ ကိုက်တာမဟုတ်ဘူး။ တခါတခါ ရာသီဥတုအပြောင်းအလဲတို့၊ ဘာတို့မှာဆိုရင် ပိုခံစားရတယ်။ လူတွေကိုတော့ အသက်အန္တရာယ်မဖြစ်ဘူး။ ဒါပေမယ့် လူမျိုးစု ဖြစ်တာကိုတော့ ကျနော်တို့ မလိုလားဘူးပေါ့ဗျာ။ ခြင်ကိုက်မခံရအောင် ကာကွယ်လို့ ရလျက်သားနဲ့ လူတွေ အများကြီးခံစားရတယ်ဆိုရင်တော့ ကျန်းမာရေးဘက်မှာလည်း ဖိအားတခုလို ဖြစ်တာပေါ့။ မေး။ ဒီရောဂါက မြန်မာနိုင်ငံမှာ ဘယ်လိုအချိန်တွေမှာအဖြစ်များလဲ။ ဖြေ။ ကျနော်တို့ အယူအဆကတော့ ဒီရောဂါက မြန်မာပြည်က ခဏခဏဖြစ်တဲ့ထဲမှာတော့ မပါဘူး။ ဆက်စပ်မှုကတော့ တခါခါ ကျနော်တို့ အရင်အခေါက်တွေတုန်းက ဧရာဝတီတိုင်းမှာဖြစ်တာတို့ ရှိခဲ့ဖူးတယ်။ ၂၀၁၁ ပတ်ချာလည်တုန်းကပေါ့။ အဲဒီ အဆစ်အမြစ်နဲ့ ပတ်သက်တဲ့ ဆရာကြီးတွေကတော့ ပြောခဲ့ကြတာရှိတယ်။ အဲဒီပတ်ချာလည်တုန်းက ထိုင်းက၀င်တယ်လို့ပဲ သူတို့က ယူဆတယ်ပေါ့။ ကျနော်တို့ ဆီမှာရှိတဲ့ ပိုးအမျိုးအစားတော့မဟုတ်ဘူး။ အဲဒီနဘူးလယ်ကလည်း နည်းနည်းသံသယဖြစ်ဖို့ကောင်းတာက ထိုင်းနယ်စပ်နဲ့ ဆက်စပ်နေတဲ့ လူဝင်လူထွက်ရှိတယ်ဗျာ။ ကော့သောင်းမှာလည်း တခေါက်ဖြစ်ဖူးတယ်။ ၂၀၁၁ လောက်ကပဲ။ ကြားထဲမှာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့တိုင်းမှာတော့ ထင်ထင်ရှားရှားဖြစ်တာကတော့ အခုတခေါက်ပဲ။ မေး။ ဒေသခံတွေ သိအောင်ကော ဘယ်လိုတွေ ပြုလုပ်ထားလဲ။ ဖြေ။ ဟုတ်၊ စဖြစ်ကတည်းက ကျနော် တနင်္သာရီဂျာနယ်ကနေ ထည့်ပေးထားတယ်။ နောက်ပြီး ကျနော်တို့ တိုင်းကျေးလက်ကျန်းမာရေးဌာနမှာရှိတဲ့ မြို့နယ်တွေကိုလည်း သတင်းပို့ထားတယ်ပေါ့။ ဒီရောဂါစဖြစ်ပြီဆိုတာ သတင်းကြားတယ်ပေါ့။ ကိုယ့်ရဲ့ကျန်းမာရေးဌာနရဲ့အပိုင်အောက်မှာ ရောဂါလက္ခဏာနဲ့တူတဲ့လူကို တွေ့တယ်ဆိုလို့ရှိရင် အကြောင်းကြားပါ၊ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဖို့ စာထုတ်ထားတယ်။ မေး။ လူတဦးချင်းတယောက်ချင်းအနေနဲ့က ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲ။ ဖြေ။ ခြင်ကိုက်မခံရအောင် ကာကွယ်ရမယ်။ ဒီရာသီဥတုက အင်္ကျီလက်ရှည်ဝတ်မယ်ဆိုရင်တောင်မှ ပါးပါးလျားလျားအင်္ကျီလက်ရှည်တွေကိုဝတ်ပေါ့နော်။ မှောင်ရိပ်ခိုပြီးနေတာမျိုးမလုပ်ဖို့ ဒါမျိုးလေးတွေပေါ့။ ချောင်ကြိုချောင်ကြားထဲမှာ ကလေးတွေ သွားဆော့တာမျိုးမလုပ်ဘဲ အလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမျိုးမှာ နေဖို့ပေါ့။ အဲဒီမျိုးလေးကို ဂရုစိုက်ပေးဖို့၊ နောက်တခုကကျတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရေကြည်ရေသန့်မှာ ပေါက်တဲ့ခြင်တွေဖြစ်တဲ့အတွက်ကြောင့် အိုးတွေခွက်တွေ ပက်လက်လှန်ထားတာမျိုး၊ ပိုးလောက်လောင်းတွေ့ရင် လိုအပ်ရင် ဓာတ်ဆီလောင်းထည့်တာ၊ ဒီဇယ်ဆီအဟောင်း လောင်းထည့်တာ အိုးကိုမြန်မှောက်ထားတာတို့၊ ကိုယ်အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေးတွေ အချိန်မှန် လုပ်ပေးဖိုပေါ့။ လူတိုင်းက လုပ်မှရမယ်။ တအိမ်အိမ်က မလုပ်ဘူးဆိုရင် ၁၀ အိမ်ပတ်ချာလည်ကတော့ သေချာပေါက်ခြင်ကိုက်မယ်။ ဘာလို့လဲဆိုတော့ ခြင်ပေါက်လို့ရှိရင် အကောင်ရေက ၆၀ ၁၀၀ ထွက်တာကို။ ခြင်တခါဥ လိုက်ရင် အဲလိုထွက်တာ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024