ဖိလစ်ပိုင်တွင် အင်အား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၄ ရှိတဲ့ ငလျင်တခု ဧပြီ ၂၃ ရက်က လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်။ ဧပြီ ၂၂ ရက်က လူ ၁၁ ယောက် သေဆုံးခဲ့တဲ့ ငလျင်တခု ဖိလစ်ပိုင်မြောက်ပိုင်းမှာ လှုပ်အပြီး တရက်အတွင်း ထပ်လှုပ်တာပါ။ တနင်္လာနေ့က ငလျင်လှုပ်ခဲ့တဲ့ နေရာနဲ့ ကီလိုမီတာ ရာချီဝေးတဲ့ တူတူဘစ်ဂံ ဒေသနားကို ဗဟိုပြု လှုပ်ခတ်တာလို့ အမေရိကန် ဘူမိစစ်တမ်း USGS က ပြောပါတယ်။ နိုင်ငံမြောက်ပိုင်း လူဇုန်ကျွန်းမကြီးပေါ်က ပမ်ပန်ဂါဒေသမှာ တနင်္လာနေ့က လှုပ်ခဲ့တဲ့ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၃ ရှိတဲ့ ငလျင်ကြောင့် လူ ၂၄ ယောက် ပျောက်နေတယ်လို့ အေပီသတင်းဌာနက ကြေညာပါတယ်။ ကယ်ဆယ်ရေးသမားတွေက ရှင်သန်ကျန်ရစ်သူတွေကို အင်္ဂါနေ့မှာ ကယ်ထုတ်နေပြီး ပြိုကျနေတဲ့ လေးထပ်အဆောက်အဦထဲမှာ တခြားလူအတော်များများ ပိတ်မိနေပါတယ်။ ဖိလစ်ပိုင် မြောက်ပိုင်းက လူဇုန်ကျွန်းမကြီးပေါ်မှာ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်ခဲ့အပြီး မြို့တော် မနီလာနဲ့ တခြားပြည်နယ် အတော်များများမှာ ငလျင်ဒဏ် ခံစားခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ပစိဖိတ်မီးကွင်းကြီး ရပ်ဝန်းဒေသထဲမှာ ရှိနေလို့ မီးတောင်ပေါက်ကွဲတာနဲ့ ငလျင်လှုပ်ခတ်တာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up