ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို နေတိုး အတွင်းရေးမှူးချုပ် သတိပေး

မြောက်အတ္တလန္တိတ်သဘောတူစာချုပ် (နေတိုး) အဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘတ်ဟာ ရုရှားရဲ့ ကြီးမားတဲ့ စစ်ရေးတည်ဆောက်မှုတွေ၊ နိုင်ငံတွေရဲ့ အချုပ်အခြာကို ခြိမ်းခြောက်တာတွေ၊ သေစေနိုင်တဲ့ အဆိပ်သုံးတာနဲ့ ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်တွေကို သတိပေးခဲ့ပါတယ်။ ဧပြီ ၃ ရက်နေ့က အမေရိကန်လွှတ်တော်မှာ တက်ရောက် အမှာစကားပြောရင်း သတိပေးလိုက်တာပါ။ ဒါ့အပြင် ရုရှားအနေနဲ့ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ သဘောတူချက် (INF) ရဲ့ စည်းမျဥ်းတွေကို လိုက်နာဖို့လည်း  စတော့တန်ဘတ်က တောင်းဆိုခဲ့ပါတယ်။ ရုရှားဘက်က စည်းမျဉ်းချိုးဖောက်တာတွေကြောင့် INF သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်က ၂၀၁၈ အောက်တိုဘာလမှာ ပြောထားပါတယ်။ နေတိုးအဖွဲ့အနေနဲ့ ဥရောပဒေသမှာ မြေပြင်အခြေစိုက် နျူကလီးယား ဒုံးကျည်တွေ ချထားဖို့ ရည်ရွယ်ချက်မရှိဘူး၊ ဒါပေမယ့် နေတိုးအဖွဲ့ဟာ အတားအဆီးတွေရန်ကနေ ကာကွယ်ဖို့ လိုအပ်တဲ့ လှုပ်ရှားမှုတွေကို အမြဲလုပ်လေ့ရှိတယ်လို့ စတော့တန်ဘတ်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတရာထူး စတင်ထမ်းဆောင်တဲ့ ၂၀၁၇ ကတည်းက စပြီး နေတိုးအဖွဲ့ကို မကြာခဏ ပြက်ရယ်ပြုလေ့ရှိပါတယ်။ ဒါပေမယ့် စတော့တန်ဘတ်ကတော့ နေတိုးအဖွဲ့ဟာ သမိုင်းမှာ အအောင်မြင်ဆုံး မဟာမိတ်အဖွဲ့လို့ ပြောခဲ့ပါတယ်။ နေတိုးအဖွဲ့ တည်ထောင်ခဲ့တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် စတော့တန်ဘတ်ကို အမှာစကားပြောဖို့ အမေရိကန်လွှတ်တော်က ဖိတ်ခဲ့တာပါ။ ဒါဟာ နေတိုးအဖွဲ့အနေနဲ့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီနှစ်ခုလုံးရဲ့ ထောက်ခံမှုကို ရထားတယ်ဆိုတာ ထရမ့်ကို သတင်းစကားပါးတာလို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up