ပင်လုံညီလာခံမှာ အရိုက်ခံရတဲ့ ပြည်သူ့ရဲဘော် (သုတကဖေး)

တခါတရံမှာ မဖြစ်စလောက် အသေးအဖွဲလေးတွေကနေ အမှုအခင်းအကြီးကြီး ဖြစ်နိုင်သလို သင်ခန်းစာယူစရာတွေ ဖြစ်လာတတ်တယ်။ ဘဝဆိုင်ရာ သင်ခန်းစာ ယူစရာတွေ ရှိသလို နိုင်ငံရေးဆိုင်ရာ သင်ခန်းစာယူစရာတွေလည်း ရှိတတ်ပါတယ်။ အဲ့ဒီအထဲက နိုင်ငံရေးဆိုင်ရာ သင်ခန်းစာယူစရာ အဖြစ်အပျက်တခုအကြောင်း ပြောချင်လာတယ်။ ကြာတော့ကြာခဲ့ပါပြီ။ ၁၉၄၇ ဖေဖော်ဝါရီ ၉ ရက်နေ့ကပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ဝင်တွေဟာ ပင်လုံညီလာခံမှာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြတယ်။ ပဏာမဆွေးနွေးပွဲကို ကျင်းပခဲ့ပေမယ့် အဆင်မပြေမှုတွေ ရှိနေဆဲပါ။ အဲ့ဒီအချိန်မှာ ပင်လုံနဲ့ ၆ မိုင်အကွာ လွိုင်လင်မြို့လေးမှာတော့ ဒိုမီနီယံအတွင်းဝန် ဘော်တွမ်လေနဲ့အတူ ရှမ်းပြည်တဝှမ်းက မျက်နှာဖြူ ဝန်ထောက်တွေ၊ ချင်း၊ ကချင် အရာရှိတွေလည်း ပင်လုံညီလာခံ အခြေအနေကို စောင့်ကြည့် အကဲခတ်ဖို့ ရောက်ရှိနေပါတယ်။ တပြိုင်တည်းမှာ ဝန်ကြီး ဆာမောင်ကြီး၊ ဝန်ကြီး ဦးအောင်ဇံဝေတို့နဲ့အတူ အမေရိကန် ကောင်စစ်ဝန်ချုပ် မစ္စတာ ပက်ကာ့ဒ် (Peckard) လည်း အခြေအနေ အကဲခတ်ဖို့ ရောက်နေချိန်ပါ။ ဆွေးနွေးပွဲအခြေအနေက တစတစ တင်းမာလာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ကလည်း ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌဆိုပေမယ့် ဖဆပလအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ထက် ကျော်လွန်လုပ်ပိုင်ခွင့် မရှိပါဘူး။ ဒူဝါတွေ၊ စောဖျာတွေ၊ စော်ဘွားတွေ အနေနဲ့ကတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကတော့ ပေးအပ်လိုက်တဲ့ အခွင့်အာဏာထက် ပိုပြီး ဆုံးဖြတ်ခွင့်အာဏာ မရှိတော့ ချက်ချင်းအဖြေပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ ဒီမိုကရေစီအလိုအရ အဖွဲ့အစည်းတို့ လိုက်နာရတဲ့ မူဝါဒ သဘောတရားတခုပါ။ အဲ့ဒီအချိန်မှာ “တောင်တန်းဒေသ ဆွေးနွေးပွဲ ပျက်ပြီ။ ဗိုလ်ချုပ်ပြန်တော့မယ်” ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာခဲ့တယ်။ အမှန်တကယ်လည်း ဗိုလ်ချုပ်က လေယာဉ်ပျံ မှာခိုင်းနေပါတယ်။ နယ်ချဲ့လက်ပါးစေတွေက ဒီအသံကြားတော့ ပျော်နေကြချိန်ပါ။ ဒါပေမယ့် ပင်လုံကိုယ်စားလှယ်တွေကတော့ မပျော်နိုင်ကြပါဘူး။ အားလုံး မျက်စိမျက်နှာ ပျက်နေကြပြီ။ ဒီအထဲမှာ လုံးဝ အပျက်မခံနိုင်ဘူးဆိုပြီး ဗိုလ်ချုပ်နဲ့ နှစ်ဦးတည်း ဆွေးနွေးပြီးတဲ့နောက် ဦးဝမ်ကိုဟောက သူ့သဘောထားကို စော်ဘွားကြီး စဝ်စံထွန်းကို ပြောပြလိုက်တယ်။ စော်ဘွားကြီးက ဦးဝမ်ကိုဟောကို နှစ်ဖက်တည်း လက်မှတ်မထိုးပါနဲ့၊ ကချင်တို့ပါတက်မယ့် အစည်းအဝေးပွဲမှာ ခင်ဗျားသဘောထားကို ရှင်းလင်းတင်ပြပေးပါ ဆိုပြီး ပြောဆို တောင်းပန်နေချိန်ပါ။ ဒီလို အခြေအနေ ရှုပ်ထွေးနေချိန်မှာပဲ ဗိုလ်ချုပ်တို့အတွက် စောင့်ရှောက်ဖို့ လွယ်လင်ပြည်သူ့ရဲဘော်နှစ်ဦးကို အစောင့်အဖြစ်ပေးတဲ့အထဲက ရဲဘော်အုန်းပွင့်တယောက် ည ၉ နာရီမှာ အရိုက်ခံရပါတယ်။ အဲ့ဒီညမှာပဲ “ပြည်သူ့ရဲဘော်နဲ့ ခေါင်းပေါင်းနီတို့ ချကုန်ပြီ” ဆိုတဲ့ သတင်းဟာ တောမီးလို ပျံ့နှံ့သွားပါတယ်။ ခေါင်းပေါင်းနီဆိုတာ ရှမ်းစော်ဘွားကြီးရဲ့ ရဲအမှုထမ်းဝတ်စုံပါ။ ရိုက်သူကလည်း ညောင်ရွှေစော်ဘွားကြီးရဲ့ ရဲအမှုထမ်း “အယ်နီငရဲမင်း” ဆိုသူဖြစ်တယ်။ နောက်တော့ စော်ဘွားကြီး ရိုက်နှက်ပြီး ညောင်ရွှေပြန်လွှတ်လိုက်တယ်။ ရှမ်းပြည်သူ့ရဲဘော်တို့ကလည်း ပြည်သူ့ရဲဘော်နဲ့ ခေါင်းပေါင်းနီတို့ အဆင်ပြေကြောင်း၊ နှစ်ဖက်ချခြင်း မဟုတ်ကြောင်း အချိန်မီ ရှင်းပြနိုင်လို့ ပြဿနာဟာ ချုပ်ငြိမ်းသွားခဲ့တယ်။ နောက်ရက်မှာ ဗိုလ်ချုပ်တို့နဲ့ တိုင်းရင်းသားတို့ ပင်လုံကို လက်မှတ်ထိုးနိုင်ခဲ့ကြပါတော့တယ်။ နောက် ၂ နှစ်ခန့်ကြာတော့ ရိုက်နှက်ခဲ့သူ အယ်နီငရဲမင်း ဆိုသူဟာ ရှမ်းတပ်ရင်းမှာ တပ်ကြပ်ကြီးတင်နီဆိုတဲ့ နာမည်နဲ့ တပ်ကြပ်ကြီးဖြစ်လာပြီး အရိုက်ခံရတဲ့ လွယ်လင်ပြည်သူ့ရဲဘော် ကိုအုန်းပွင့်တို့ ပြန်ဆုံကြတော့ ဘာလို့ရိုက်သလဲ ဆိုတဲ့အမေးကို တပ်ကြပ်ကြီးကိုတင်နီက “ဟာဗျာ..ဟိုတုန်းကတော့ ကျနော်တို့မှာ နားတပေါက်တည်းရှိတာ။ ပြည်သူ့ရဲဘော်တွေဟာ အောင်ဆန်းရဲ့ခွေးတွေ။ ဗမာကျွန်တွေဆိုပြီး နားသွင်းထားတာ အဟုတ်မှတ်တာပေါ့ဗျာ။ ဒါနဲ့ ကျနော်လည်း ပြည်သူ့ရဲဘော် သောက်မြင်ကပ်တဲ့အထဲ စလွယ်နဲ့လူနှစ်ယောက်မြင်တော့ လက်ယားလာတာပဲ” လို့ ပြောပါသတဲ့။ ဒါကြောင့် တကယ့်အရေးကြီးတဲ့ ကိစ္စတွေ ဆောင်ရွက်နေချိန်မှာ မမျှော်လင့်တဲ့ ဖြစ်ရပ်အသေးအဖွဲလေးတွေပါ။ ဒါကို အချိန်မီမဖြေရှင်းနိုင်ရင် ပင်လုံညီလာခံအတွက် အကြီးအကျယ် အနှာင့်အယှက် ဖြစ်သွားစေနိုင်ပါတယ်။ အချိန်မီတားမြစ်နိုင်ဖို့ လိုအပ်သလို မလိုအပ်ဘဲ အမုန်းပွားစေမယ့် စကားတွေဟာ စည်လုံးညီညွတ်ရေးအတွက် အနှောင့်အရှက် ဖြစ်တတ်တာကို သတိပြုမိဖို့ သင်ခန်းစာတရပ်အဖြစ် တင်ပြလိုက်ပါတယ်။ ဆရာဋ္ဌေး ဝန်ခံချက် ။  ။ အချက်လက်အချို့ကို ရှမ်းပြည်နယ်ဦးစီးအဖွဲ့ဝင်ဟောင်း ဦးအုံးဖေရဲ့ “ပင်လုံစစ်တမ်း” မှ ယူပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up