Home
Lead Story
စည်ပင်ရွေးကောက်ပွဲ ဥပဒေအတိုင်း လိုက်နာကျင့်သုံးကြစေလို
DVB
·
March 30, 2019
မနက်ဖြန် မတ်လ (၃၁) ရက်နေ့တွင် စည်ပင်သာယာရွေးကောက်တင်မြှောက်ပွဲ ကျင့်ပပေတော့မည်။ အစိုးရ သစ်တက်လာပြီးကတည်းက လူထုတင်မြှောက်ခဲ့သော စည်ပင်သာယာရေး ကော်မတီဝင်နေရာ လစ်ဟာနေခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ယခုနှစ်၏ ဘတ်ဂျက်ကာလကို လည်း မကြာမတင်မီရောက်ရှိပေတော့မည်။ ထိုဘတ်ဂျက်လက်မှတ်ထိုးအတည်ပြုရန်ကား လူထုတင်မြှောက်သော စည်ပင်ကော်မတီ တခုကလည်း မလွဲမသွေ လိုအပ်သည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် စည်ပင်ရွေးကောက်ပွဲအပေါ်တွင် လူထုစိတ်ဝင်စားမှုကျဆင်းနေသည်ကလည်း အမှန်ပင်။ မည်သို့ပင် လူထုစိတ်ဝင်စားမှု ကျဆင်းနေသည်ဖြစ်စေ မတ်လ ၃၁ ရက်နေ့ မဲဆန္ဒပေးပွဲ ကတော့ ကျင့်ပမည်တော့မည်မှာ အသေအချာပင်။ ဤသို့သော အခြေနေတွင် ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်များထံမှ ရွေးကောက်ပွဲ၏ တရား မျှတမှုရှိစေရေးအတွက် စိုးရိမ်တကြီးပြောဆိုသံများ ထွက်ပေါ်လာခဲ့ပါသည်။ စိုးရိမ်မည်ကဆိုက စိုးရိမ်စရာပင်။ လွန်ခဲ့သော ဇန်နဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သော စည်ပင်ရွေးကောက်ပွဲ ကြေညာချက်ကို ၂၃ ရက် နေ့တွင် ပြန်လည်ပယ်ဖျက်သည်တို့ ရှိခဲ့ဖူးသည်မဟုတ်ပါလော။ အတိအကျ ပြောရမည်ဆိုလျှင် ရန်ကုန်စည်ပင်ရွေး ကောက်ပွဲကော်မရှင်မှ ဇန်နဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သော “ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအနေဖြင့် ပါတီတံဆိပ်၊ အလံနှင့်ခေါင်းဆောင်ပုံများအား အသုံးမပြုရ” ဆိုသောထုတ်ပြန်ချက်ကို ထိုလ ၂၃ ရက်နေ့တွင် ပြန်လည်ပယ်ဖျက်ခဲ့သော သာဓကရှိပေသည်။ ထိုအချက်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တသီးပုဂ္ဂလတို့က “ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ရွေးကြရသလိုဖြစ်နေပါတယ်” ဟု ညည်းတွားခဲ့ကြပေသည်။ ထို့အပြင် မဲဆွယ်စည်းရုံးရာတွင်လည်း ပါတီဝင်များသာမက အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင်ခဲ့သည်များကိုလည်း မြင်တွေ့ နေရပါသည်။ ထို့ကြောင့်လည်း အမြင်မတော်သည့်အဆုံး စည်ပင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှ “အစိုးရတရပ်အနေနဲ့ ပါတီတခုကို၊ ဒီပါတီကို မဲပေးပါဆိုတာကတော့ လုပ်လို့မရပါဘူး” ဟု ထုတ်ဖော်ပြောကြားခဲရသည်အထိ ဖြစ်ခဲ့ပါသည်။ စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အထူးသတိထား စောင့်ကြည့်သင့်သည်မှာ ကိုယ်စားလှယ်တဦးချင်း၏ အသုံးစရိတ်များပင်ဖြစ်ပါသည်။ တဦးချင်း ခွင့်ပြုထားသည့် အသုံးစရိတ်ထက် ပိုသုံးခြင်း ရှိမရှိသည်လည်း နောင်တချိန်တွင် အရေးပါသော စွပ်စွဲချက်နှင့် ကန့်ကွက်လာနိုင်ခြေရှိပါသည်။ ထို့အပြင် ဖြစ်လေ့ဖြစ်ထရှိသော မဲစာရင်း၊ မဲလိမ်မဲခိုး ပြဿနာမှအစ ဂရုပြုရမည့်အချက်များ ဖြစ်သည်။ မမျှော်လင့်သော ပြဿနာရပ်များကိုလည်း မည်သို့ကြိုတင် ကာကွယ်ဖြေရှင်းရမည်ကို ပြင်ဆင်ထားသင့်ပါသည်။ အထူးထောက်ပြ အကြံပြုလိုသည်မှာ မတ် ၂၆ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ Yangon Region Government Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည့် “မဲဆန္ဒရှင် ပြည်သူများ၏ ညီညွတ်မှု အင်အားဖြင့် ကြီးမားသည့် အပြောင်းအလဲတခုဖြစ်စေရန် မဲဆန္ဒရှင်ပြည်သူများ မပျက်မကွက်မဲရုံသို့သွားပြီး NLD စည်ပင်သာယာရေးကိုယ်စားလှယ်လောင်းများအား မဲပေးကြရန် တိုက်တွန်းနှိုးဆော်လိုက်ပေသည်” ဆိုသော မဲဆွယ်ဗွီဒီယိုဖိုင် အပေါ်တွင် ထိုစဉ်က ဝေဖန်ချက်ဖြစ်ပေါ်ခဲ့ပါသည်။ စည်ပင်ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲကတော့ ဤကိစ္စနှင့်ပတ်သက်၍  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က တရားဝင်အကြောင်းကြားလာခြင်း မရှိသေးဟုဆိုသည်။ ဖြစ်သင့်သည်မှာ ကော်မရှင်က ရန်ကုန်အစိုးရကို ထိုသို့မလုပ်ဆောင်ရန်  အကြောင်းကြား သတိပေးသင့်သည့်ကိစ္စဖြစ်သည်။ နောက်ပိုင်းမှာ အဆိုပါမဲဆွယ်ရုပ်သံကို ပြန်ဖြုတ်ချခဲ့သော်လည်း ဤကိစ္စသည် ရွေးကောက်ပွဲပြီးသည့်နောက် ဖြစ်ပေါ်လာနိုင်မည့် ပြဿနာတရပ်အဖြစ် ကြိုတင်သတိပြု ဖြေရှင်းထားရန်လိုပါသည်။ အချုပ်အားဖြင့် ပြောလိုသည်မှာ မတ် (၂၇-၂၈) ဝန်ကြီးချုပ်၏ ရန်ကင်းခရီးစဉ်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ဖေ့စ်ဘွတ်ခ်မဲဆွယ်မှုနှင့်အတူ တဦးချင်း၏ မဲဆွယ်စည်းရုံးရေး စရိတ်တို့အတွက် ရန်ကုန်တိုင်း စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်အနေဖြင့် မိမိတို့ ကော်မရှင်၏ ထုတ်ပြန်သတ်မှတ်ထားသည့် မူဝါဒ၊ စည်မျဉ်းစည်းကမ်းအတိုင်း ဆုံးဖြတ်သုံးသပ်လုပ်ဆောင်ရန် လိုအပ်ပေမည်။ သို့မှသာ လူထုစိတ်ဝင်စားမှုနှင့် ယုံကြည်မှု လျော့ကျနေသော စည်ပင်ရွေးကောက်ပွဲအပေါ် ပြန်လည်သက်ဝင်လာနိုင်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024