Home
မြန်မာသတင်း
မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ်အပြစ်ပေးသည့်ဥပဒေ ပြန်စိစစ်ရန် လူကယ်ပြန်ဝန်ကြီး တိုက်တွန်း
အောင်ဆန်းဦး
·
March 15, 2019
မူးယစ်ဆေး လက်ဝယ်တွေ့ရှိရုံနဲ့ ထောင်ဒဏ်အပြစ်ပေးနေတဲ့ မူးယစ်ဥပဒေကို ပြန်လည်စိစစ်သင့်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ မတ်လ ၁၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပြုလုပ်တဲ့ အမျိုးသား မူးယစ်ဆေးဝါးမူဝါဒနဲ့ ပြင်ဆင်လိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေကို ယှဉ်တွဲသုံးသပ်ထားတဲ့ အစီရင်ခံစာ မိတ်ဆက်ပွဲမှာ သူက အခုလို အကြံပြုပြောဆိုခဲ့တာပါ။ “မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်အသီးသီးမှာ ကျခံနေတဲ့ အကျဉ်းသားအရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ မူးယစ်ဆေးကြောင့် ဖမ်းဆီး အပြစ်ပေးခံရသူတွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အကျဉ်းထောင် မဆန့်တဲ့ အခြေအနေထိ ဖြစ်ပေါ်နေပြီ” လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ မူးယစ်ဆေးဥပဒေအရ မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူတွေကို ထောင်ဒဏ်ချမှတ် အပြစ်ပေးနေတဲ့အချက်နဲ့ မိမိပိုင် နယ်နိမိတ်အတွင်း မူးယစ်ဆေးနဲ့ အတူရှိနေမှုတို့ကြောင့် ထောင်ဒဏ် အပြစ်ပေးခံနေရတဲ့ ကိစ္စတွေကြောင့် အခုလို များပြားနေရတာလို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ ဒီအတွက် မြန်မာနိုင်ငံရဲ့ လူသားအရင်းအမြစ် မဆုံးရှုံးစေဖို့နဲ့ ဥပဒေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မူယစ်ဆေးသုံးစွဲသူတွေအပေါ် ထောင်ဒဏ်ချမှတ်ခြင်းမပြုဘဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ်ချမှတ် အပြစ်ပေးနိုင်တဲ့ မူးယစ်ဥပဒေ ပုဒ်မ ၁၆ (ဂ) ကို ပြန်လည်စိစစ်ဖို့ လိုအပ်နေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးက ပြောပါတယ်။ မူးယစ်ဆေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အန္တရာယ်ကြီးမားစွာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတခုအဖြစ် တည်ရှိနေပြီး ကျောင်းသားလူငယ်တွေနဲ့ အမျိုးသားတွေအပြင် သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေပါ သုံးစွဲတာတွေ ရှိနေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒီအတွက် မူယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေး အဆင့်နဲ့ ဖြေရှင်းလို့ မရနိုင်တော့ဘဲ အလွယ်တကူ ဝယ်ယူသုံးစွဲလို့မရတဲ့ လူမှုပတ်ဝန်းကျင်အဖြစ် ရောက်ရှိအောင် ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ခေတ်ကာလအခြေအနေနဲ့ ကိုက်ညီမှုရှိစေဖို့ ရည်ရွယ်ပြီး ပြင်ဆင်တဲ့ဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့တာပါ။ ဥပဒေပါ ပုဒ်မအချို့ကတော့ လူ့စွမ်းအားအရင်းအမြစ်ကို ထိခိုက်စေတာကြောင့် ပြန်လည်စိစစ်ပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း မူးယစ်ဆေးဝါး လျော့ချရေးနဲ့ ပတ်သက်ပြီး လိုက်ပါဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတချို့က မှတ်ချက်ပြု ပြောဆိုနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024