Live
Home
ဆောင်းပါး
အဖြေမထွက်သည့် လုပ်ကြံမှုနှင့် ၂၁ ရာစု တရားဥပဒေစိုးမိုးရေး
DVB
·
February 22, 2019
“ထောင်ကိုကြောက်လွန်းလို့ လူသတ်ဖို့မပြောနဲ့ မူးယစ်ဆေးဝါးတောင်မလုပ်ဘူး”ဟု ပြောသည့် လူတဦးအား ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက မသေမချင်း လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်ရန် အမိန့်ချခဲ့သည့်အပြင် ထောင်ဒဏ် ၂၃ နှစ်လည်း ချမှတ်ခဲ့သည်။ လူတဦးနှင့် လွန်ခဲ့သော ၁၈ နှစ်ဝန်းကျင်က သိကျွမ်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ လေဆိပ်တွင်း လုပ်ကြံမှု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး အပါအဝင် နိုင်ငံရေးသမားများ စီးနင်းလာသည့် Silk Air လေကြောင်းလိုင်းပိုင် လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဆိုက်ရောက်လာခဲ့သည်။ အဆိုပါနေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်ကတည်းက အဆိုပါလေယာဉ် ဆိုက်ရောက်လာမည့်အချိန်အား စောင့်ကြိုနေသည့် လူတစုသည် လေဆိပ်ပတ်ဝန်းကျင်တွင် လှုပ်လှုပ်ခတ်ခတ် ရှိနေခဲ့သည်။ အချင်းချင်း ဖုန်းပြောဆိုမှုများနှင့် လေယာဉ်ဆိုက်ရောက်မည့် အချိန်ဇယားများလည်း ကြည့်ရှုနေကြသည်။ လေယာဉ်ဆိုက်ပြီး မကြာခင် အရပ်ရှည်ရှည် လူတယောက်သည် ကလေးငယ်တဦးအား  ချီပြီး မင်္ဂလာဒုံလေဆိပ် တာမီနယ် ၁၊ ဂိတ် ၆ ဘက်မှ ထွက်လာသည်။ သူသည် တီရှပ် ဝတ်ထားသည့် အသက် ၅၅ နှစ်အရွယ် လူတယောက်ဘေးမှ ဖြတ်လျှောက်ကာ ကျောပေးပြီး အိမ်ပြန်ရန်အတွက် ကားအား စောင့်ဆိုင်းနေသည်။ သူကျောပေးထားသူသည် သူ၏အသက်အား လုပ်ကြံမည့်သူ ဖြစ်သည်ကိုလည်း သိရှိပုံမရ။ ပန်းရောင်ရှပ်အင်္ကျီ ဝတ်ထားသည့်သူ လွယ်ထားသည့်အိတ်ထဲတွင် လူသတ်လက်နက်များ ပါလာသည်ကိုလည်း ပတ်ဝန်းကျင်မှ လုံခြုံရေးများနှင့် ပြည်သူများလည်း သတိမထားမိ။ အချိန်က ညနေ ၅ နာရီထိုးရန် စက္ကန့်ပိုင်းအလိုဖြစ်သည်။ အနောက်ဘက်မှ နေလုံးသည်လည်း ဝင်စပြုနေပြီ။ အိမ်ပြန်ရန် အလျင်လိုနေသည့်သူများနှင့် လေယာဉ်အချိန်မီရန် အပြေးအလွှား လေဆိပ်အတွင်း ဝင်နေကြသည့်အတွက် ရှုက်ယှက်ခတ်နေချိန်တွင် “ဒိုင်း” ဆိုသည့် ကျယ်လောင်သည့်အသံကြောင့် တုန်လှုပ်သွားကြသည်။ တချို့က ကြောက်ရွံ့သွားခဲ့ကြသည်။ ထိုအသံနှင့်အတူ ကလေးငယ်ကိုချီထားသည့် အရပ်ရှည်ရှည်လူတယောက် အရုပ်ကြိုးပြတ် ခွေကျသွားခဲ့သည်။ သို့သော် ကလေးငယ်သည်ကား တစုံတရာ အန္တရာယ်မရှိခဲ့ချေ။ ခွေကျသွားသူအနီး ရောက်လာသည့်သူများထဲမှ တယောက်သည် စိတ်မသက်မသာနှင့် “ဦးကိုနီမလား ဟာကွာ”။ မှန်ပါသည်။ ပြည်သူအများစု လက်မခံသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များအကြောင်း ပြောဆိုခဲ့သည့်အတွက် လူသိများလာခဲ့သည့် ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီပါ။ ဦးကိုနီသည် ပြည်ထဲရေးဒုဝန်ကြီး ဦးဆောင်သည့် အင်ဒိုနီးရှားနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆွေးနွေးပွဲ ခရီးစဉ်မှ ပြန်လာစဉ် လုပ်ကြံခံလိုက်ရခြင်း ဖြစ်သည်။ လေဆိပ်အတွင်း ကြိုတင်စောင့်ဆိုင်းနေသည့် လူတစုသည် သူ့အား မည်သည့်အတွက်ကြောင့် လုပ်ကြံရန် စောင့်ဆိုင်းနေသည်ကို ဦးကိုနီ သိရှိသွားခဲ့ခြင်း မရှိပေ။ နိုင်ငံရေးသမားများနှင့် ပြည်သူအချို့သည် နိုင်ငံရေးအရ လုပ်ကြံမှုဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ထိုနေ့ညက ရေးသားကြသည်။ တချို့သည် ဥပဒေသမားတဦး ဆုံးရှုံးသွားခြင်းကြောင့် နှမြောတသဖြစ်ကြသည်။ လုပ်ကြံသူကိုဖမ်းမိ အသက် ၅၅ နှစ်အရွယ် သေနတ်သမား ကြည်လင်းတယောက် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့်ပစ်ပြီး သူ့အားစောင့်နေမည်ဟု ပြောသူရှိရာသို့ အားကိုးတကြီး ပြေးသွားခဲ့သော်လည်း ထင်ထားသလို ဖြစ်ခဲ့ပုံမပေါ်။ သူ့အားဖမ်းရန် အနောက်ကလိုက်လာသည့် လူအုပ်ကြီးထံက လွတ်မြောက်ရန် အငှားယာဉ်တစီးအား ကပျာကယာတားလိုက်ပြီး မြို့ထဲမောင်းဖို့ ပြောဆိုခဲ့သည်။ ယာဉ်ပိတ်ဆို့မှုသည် သူ့အား ဒုက္ခတွေ့စေခဲ့သည်။ ထို့အပြင် ခဲများဖြင့် ပစ်ပေါက်ခံရမှုကြောင့် ကြည်လင်းအား ဖမ်းမိခဲ့သည်။ သူ့အား အုတ်နီခဲဖြင့်ပစ်ပေါက်တားဆီးခဲ့သည့် အငှားယာဉ်မောင်း ဦးနေဝင်းကိုလည်း သူ့အားဖမ်းဆီးချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ အငှားယာဉ်မောင်းများနှင့် ပြည်သူတချို့က ကြည်လင်းအား ဖမ်းမိခဲ့သည်။ ထိုနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဦးကိုနီနှင့် ဦးနေဝင်းတို့နှစ်ဦး သေနတ်သမား ကြည်လင်း၏ ပစ်သတ်မှုကြောင့် သေဆုံးခဲ့သည်။ လုပ်ကြံသူ ကြည်လင်းသည် မြင့်ဆွေဆိုသူ၏ ခြိမ်းခြောက်ခြင်းကြောင့် သေနတ်ဖြင့်ပစ်ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။ “လုပ်ချင်လုပ်၊ မလုပ်ချင်လည်းလုပ်ရမယ်။ ငါပြတဲ့သူခေါင်းကို ပစ်ပြီးရင် မင်းတာဝန်ကျေပြီ။ မပစ်ရင် မင်းခေါင်းကို နောက်ကပစ်မယ့်သူ ပေါ်လာလိမ့်မယ်။ မပစ်ဘဲထွက်ပြေးရင် မင်းမိသားစုကိုလည်း ချန်မှာမဟုတ်ဘူး” ဆိုသည့်စကားကို မြင့်ဆွေဆိုသူက ပြောဆိုခဲ့ကြောင်း ကြည်လင်းက ရုံးတော်မှ စစ်ဆေးချိန်တွင် ပြောဆိုခဲ့သည်။ မြင့်ဆွေဆိုသည့်သူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ကြည်လင်းပြောဆိုနေသော မန္တလေးတွင်နေထိုင်ပြီး ရှေးဟောင်းပစ္စည်း အရောင်းအဝင်လုပ်သည့် မြင့်ဆွေဆိုသူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်  အသတ်ခံရသည့်အတွက် သေဆုံးသွားသည်ဟု အမှုစစ်ဆေးခဲ့စဉ်တွင် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ စေခိုင်းသူဟုဆိုသည့် မြင့်ဆွေ သေသွားသည့်အတွက် ယခုလုပ်ကြံမှုအတွက် ကွင်းဆက် ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သို့သော်လည်း လုပ်ကြံသူအတွက် အခြေအနေမပေးပါ။ ယခုအမှုအတွက် အင်းစိန်အောင်စိုး ပေါ်လာခဲ့သည်။ ကွင်းဆက်တရားခံများအားဖော်ထုတ် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဦးကိုနီ လုပ်ကြံခံရသည့်အကြောင်း ရေးသားမှုများ တွေ့လာရသကဲ့သို့ သတင်းဌာနများ၏ စာမျက်နှာများပေါ်တွင်လည်း ဦးကိုနီ လုပ်ကြံခံရကြောင်း Breaking news များ ဖော်ပြလာခဲ့သည်။ ထိုကဲ့သို့ ဖော်ပြမှုများကြားတွင် ကလေးချီပြီးရပ်နေသည့် ဦးကိုနီအား ကြည်လင်းက အနောက်မှနေပြီး နောက်စေ့အားတေ့ကာ အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည့်ပုံသည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အလျှင်အမြန် ပျံ့နှံ့လာခဲ့သည်။ မူရင်းတင်သည့်သူအား အမှုစစ်ဆေးခဲ့သည့်သူများမှလွဲပြီး မည်သူမှမသိနိုင်။ အဆိုပါပုံအား လွန်ခဲ့သော ၁၈ နှစ်ဝန်းကျင်က အိုးဘိုထောင်ထဲတွင် ကြည်လင်းနှင့် အတူနေထိုင်ခဲ့သည့် အင်းစိန်အောင်စိုး တွေ့မြင်သွားခဲ့သည်။ လုပ်ကြံသူသည် ကြည်လင်း ဆိုသည်ကို အင်းစိန်အောင်စိုး သိသွားခဲ့သည်။ အိုးဘိုထောင်ထဲတွင် အင်းစိန်အောင်စိုး၊ ကြည်လင်း၊ အောင်ဝင်းဇော်တို့ အတူတူနေထိုင်ခဲ့ကြသည်။ အောင်ဝင်းဇော်နှင့် ကြည်လင်းတို့သည် ဘုရားခိုးမှုကြောင့် တမှုတည်းကျသည့်အတွက် “စားအိုးတွဲ” တွေဖြစ်သည်။ ၂၀၁၆ ခုနှစ် ၆ လပိုင်းတွင် အောင်ဝင်းဇော်သည် ထောင်မှလွတ်ပြီး အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အင်းစိန်အောင်စိုးထံသို့ ရောက်လာခဲ့သည်။ ဂျပန်လမ်းထိပ်တွင်ရှိသည့် ခရေစမ်း လက်ဖက်ရည်ဆိုင်တွင် အောင်ဝင်းဇော်က နိုင်ငံခြားသံတမန်တဦးအား နေ့ခင်းဘက်တွင် သတ်ပေးရန် ပြောလာခဲ့သည်။ အဲဒီအတွက် စရံငွေ ကျပ်သိန်း ၃၀၀ ပါလာပြီး သိန်း ၅၀၀ (သို့) ကျပ်သိန်း ၁၀၀၀ ယူမလားဟု ပြောဆိုခဲ့ပေမယ့် စဉ်းစားဦးမည်ဟု ပြန်ပြောခဲ့ကြောင်း အင်းစိန်အောင်စိုးက ပြောသည်။ ယင်းအတွက်ကြောင့် ယခုလူသတ်မှုတွင် ကြည်လင်းအား စေခိုင်းသူမှာ အောင်ဝင်းဇော် ဖြစ်ရမည်ဟု အင်းစိန်အောင်စိုး မှတ်ချက်ချခဲ့သည်။ သူ၏ ထုတ်ဖော်ပြောဆိုလာမှုများကြောင့် လေဆိပ် CCTV မှတ်တမ်းများအား တာဝန်ရှိသူများမှ တိုက်ဆိုင်စစ်ဆေးသည့်အခါ အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ ရှေ့နောက်သွားလာ လှုပ်ရှားပုံများ တွေ့မြင်ခဲ့ကြသည်။ ယခုအမှုတွင် အောင်ဝင်းဇော် အပါအဝင် သူ၏ညီဖြစ်သူ အောင်ဝင်းခိုင်တို့ ပါဝင်ပတ်သက်နေကြောင်းကိုပါ တာဝန်ရှိသူတွေက ဖော်ထုတ်ခဲ့သည်။ အောင်ဝင်းဇော်နှင့် သူ၏အစ်ကိုဖြစ်သူ အောင်ဝင်းထွန်းတို့အား ဘားအံတံတားတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။ အောင်ဝင်းဇော်သည် လေဆိပ်ရဲမှူးကြီး ဝင်းမင်းသိန်းနှင့်တွေ့ဆုံရန် ညီဖြစ်သူ အောင်ဝင်းခိုင် ခေါ်သည့်အတွက် လေဆိပ်သို့ လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ယခုအမှုအတွက် အင်းစိန်အောင်စိုးသည် အဓိကသက်သေ ဖြစ်ခဲ့သည်။ နေပြည်တော်တွင် အဓိကတရားခံဟု ယူဆထားသည့် အောင်ဝင်းခိုင် ပျောက်သွား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် တင်ဒါကိစ္စနှင့် နေပြည်တော်သွားရန် အောင်ဝင်းခိုင်က ရဲထွဋ်လှိုင်ဆိုသူအား ဖုန်းဆက်ပြောဆိုခဲ့သည်။ ၃၀ ရက် မနက် ၉ နာရီ ၃၀ မိနစ် ရန်ကုန်မှ ထွက်သွားခဲ့ကြသည်။ နေပြည်တော် ရွှေကြာပင်ရပ်ကွက် ပဒုမ္မာ ၂ လမ်း ခြံသို့ ရဲထွဋ်လှိုင်နှင့် အောင်ဝင်းခိုင်တို့ ညနေ ၆ နာရီဝန်းကျင်တွင် ရောက်ရှိခဲ့ပြီး လက်ကိုင်ဖုန်းဟု ယူဆသည့် ပစ္စည်းများနှင့် စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးသွားသည်။ အဲဒီခြံသည် ဇေယျာဖြိုးခြံ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ အဲဒီညနေပိုင်းတွင် အောင်ဝင်းခိုင်သည် မိုင်းဖြတ် ပြည်သူ့လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းဆီကို ရောက်သွားခဲ့ပြီး ငွေကျပ် သိန်း ၂၀ ချေးရန် ပြောဆိုခဲ့သော်လည်း ဦးလင်းဇော်ထွန်းက ၁၀ သိန်းသာ ချေးလိုက်သည်။ သူတို့သည် စစ်တက္ကသိုလ် တပတ်စဉ်တည်းဆင်းသည့် သူငယ်ချင်းများဖြစ်သည်။ ည ၇ နာရီကျော်တွင် အောင်ဝင်းခိုင်က ရဲထွဋ်လှိုင်အား မကွေးကားဂိတ်သို့ပို့ရန် ပြောဆို၍ ထွက်လာစဉ် ပရဆေးဥယျာဉ်အကျော်တွင် ကားရပ်ခိုင်းပြီး ဆင်းသွားခဲ့သည်။ အဲဒီနေရာသည် အောင်ဝင်းခိုင်ကို နောက်ဆုံးခြေရာခံလိုက်နိုင်သည့် နေရာဖြစ်သည်ဟု အစိုးရက ထုတ်ပြန်သည်။ ဒီနေ့အချိန်ထိ အောင်ဝင်းခိုင်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးဘဲ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၈၇/၈၈ ဖြင့် ဖမ်းဝရမ်းထုတ်ထားပြီး လူသတ်မှုဖြင့် အလိုရှိသူဖြစ်ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့သို့ ကြေညာထားသည်။ တန်ပြန်ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးအား ဖမ်းဆီးခြင်း ငွေပေးစေခိုင်းသည်ဆိုသည့် သံသယဖြင့် ရန်ကင်းမြို့နယ် ကျောင်းကြီး ပရိယတ္တိ စာသင်တိုက်တွင် ရဟန်းဝတ်နေသော ဇေယျာဖြိုးအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်   တပ်မတော်က သွားရောက်ဖမ်းဆီးခဲ့သည်။ ယင်းနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့မှ ဇေယျာဖြိုးအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြပြီး သက်သေခံပစ္စည်းတချို့နှင့် နိုင်ငံသားစိစစ်ရေးကတ် ၄ ခုအား သိမ်းဆည်းခဲ့သည်။ ဇေယျာဖြိုးက ဒီအမှုတွင် သူပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုသည်။ သေနတ်ဖြင့် အနီးကပ်လုပ်ကြံသည့် ကြည်လင်းမှလွဲ၍ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့သည် တပ်မတော်အရာရှိဟောင်းများ ဖြစ်ကြသည်။ အောင်ဝင်းဇော်သည် စစ်တက္ကသိုလ်အပတ်စဉ် ၃၄ ဆင်းဖြစ်ပြီး ဗိုလ်အဆင့်ရာထူးနှင့် တပ်မတော်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ အောင်ဝင်းခိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းဖြစ်ပြီး တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်စင်ယူခဲ့သည်။ ဇေယျာဖြိုးသည်လည်း စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်းဖြစ်ပြီး တပ်မတော်တွင် တန်ပြန်ထောက်လှမ်းရေး အရာရှိသင်တန်းများကို တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် တပ်မတော်ထောက်လှမ်းရေး ဖျက်သိမ်းခဲ့သည့်အချိန်တွင်  ဗိုလ်ကြီးအဆင့်ရာထူးဖြင့် အငြိမ်းစားပေးခြင်း ခံခဲ့ရသူဖြစ်သည်။ ဇေယျာဖြိုးသည် တရားရုံးချုပ်တွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် သက်ပြည့်ပင်စင်ယူခဲ့သည့် ဦးအုန်းသွင်၏သား ဖြစ်သကဲ့သို့ အောင်ရဲထွေးအမှုတွင် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၏တူလည်း ဖြစ်သည်။ တရားရုံးအမိန့်မချမီ ကြိုဆုံးဖြတ်ပေးခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ဦးကိုနီလုပ်ကြံမှုတွင် ဘာကြောင့် တပ်မတော်မှ အထုတ်ခံထားရတဲ့ အရာရှိဟောင်းများအား ခိုင်းသွားလဲဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မေးခွန်းထုတ်ခဲ့သည်။ “တပ်မတော်နဲ့ အစိုးရကြားမှာ ကွဲစေချင်တဲ့ဆန္ဒလား။ တပ်မတော်နဲ့ ပြည်သူကြားမှာ ယုံကြည်မှုပျက်အောင် လုပ်ချင်တာလား” ယခုလုပ်ကြံမှုနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က သူတို့နှင့် ပတ်သက်ခြင်းမရှိကြောင်း တရားဝင်ငြင်းဆိုခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ယခုအမှုနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဖွဲ့က ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါးပြတိုက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးကိုနီက လွှတ်တော်ထဲတွင် မွတ်ဆလင် ၆၆ နေရာရမယ်ဆိုသည့် အသုံးအနှုန်းနှင့် အခြားပြောဆိုမှုများကြောင့် မျိုးချစ်စိတ်လွန်ကဲပြီး လူငယ်သဘာဝ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများကြောင့် ဦးကိုနီအား လုပ်ကြံရန် ကြံစည်ခဲ့ကြခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်ဇော်ဝင်းတို့က ပြောဆိုခဲ့သည်။ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနှင့် မိုင်းဖြတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့သည် တာမွေမြို့နယ် မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံစဉ် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ကြခြင်းဖြစ်ပြီး လူပေါင်း ၇၀ ကျော်ကို ခေါ်ယူမေးမြန်းပြီးဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပါသည်။ အောင်ဝင်းခိုင်က ဦးကိုနီအား ရှင်းပစ်မှကောင်းမည်ဟု ပြောဆိုခဲ့ပြီး သူ၏အစ်ကိုဖြစ်သည့် အောင်ဝင်းဇော်တွင် ထောင်ကျစဉ်က တပည့်များရှိခဲ့ပြီး လိုအပ်သည့်ငွေသာ ထောက်ပံ့ပေးဖို့ ပြောခဲ့သည့်အတွက် ဇေယျာဖြိုးက ကျပ် သိန်း ၁၀၀၀ ကို သြဂုတ်လတွင် ထုတ်ပေးခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ဇေယျာဖြိုး ငွေလွှဲနေသည်ဆိုသည့် ဓာတ်ပုံကိုလည်း ပြသထားသည်။ (သက်သေခံစာရွက်တွင် လက်မှတ်ထိုးရန်အတွက် ကြည့်ရှုစဉ် ရိုက်ကူးခံခဲ့ရသည့်ပုံ ဖြစ်သည်ဟု ဇေယျာဖြိုးက တရားရုံးတွင် ဖြေရှင်းခဲ့သည်။) ၂၀၁၆ ခုနှစ် ဧပြီလတွင် ညီဖြစ်သူ အောင်ဝင်းခိုင်က ဦးကိုနီအား လုပ်ကြံရန်အတွက် ကျပ်သိန်း ၄၀၀ ကို အောင်ဝင်းဇော်ထံ ထုတ်ပေးခဲ့သည့်အတွက် ဘီးလင်းမြို့ တောင်စွန်းရဲဘက်စခန်းတွင် ရင်းနှီးခဲ့သည့် ဒဂုံမြို့သစ်တောင်ပိုင်းတွင် နေထိုင်သည့် နဂါးလေးအား မေလထဲတွင် သွားရောက်တွေ့ဆုံခဲ့သည်။ ငွေကျပ် သိန်း ၂၀၀ နှင့် လိုင်စင်မဲ့ကားတစီးပေးပြီး ဦးကိုနီအားသတ်ရန် စေခိုင်းခဲ့သော်လည်း နဂါးလေးက မသတ်ဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ယင်းနောက် အင်းစိန်အောင်စိုးအား စေခိုင်းရန် ကြိုးစားသော်လည်း အဆင်မပြေဖြစ်ခဲ့သည့်အတွက် အိုးဘိုထောင်တွင်း အတူနေထိုင်ခဲ့သည့် ကြည်လင်းအား ခေါ်ယူစေခိုင်းခဲ့ပြီး သိန်း ၂၀၀၊ ကားတစီးနှင့် သဘောတူညီမှု ရရှိခဲ့သည်။ ဦးကိုနီအားလုပ်ကြံရန် အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ ဗိုလ်အောင်ကျော်လမ်းတွင်ရှိသည့် ရုံးခန်းနှင့် နေအိမ်တို့ အနီးနားတွင် ချောင်းမြောင်းခဲ့ကြသည်။ သို့သော် အခြေအနေ မပေးခဲ့သည့်အတွက် ဇေယျာဖြိုးက မလုပ်လျှင် မလုပ်တော့ရန် အောင်ဝင်းခိုင်ထံ ပြောကြားခဲ့သည်။ ငွေတချို့ သုံးစွဲပြီးဖြစ်သည့်အတွက် မဖြစ်မနေ လုပ်ဆောင်ပေးမယ့်အကြောင်း ဇေယျာဖြိုး၏ ထွက်ဆိုချက်များအရ ရဲချုပ်ဇော်ဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ “ရဲချုပ် သတင်းစာရှင်းလင်းလိုက်ကတည်းက တရားရုံးက ဆုံးဖြတ်ရမှာကို ထိပ်ကနေပိတ်ပြီး အဖြေတခု လမ်းကြောင်းတခု ချပေးလိုက်တယ်” ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ထောက်ပြသည်။ သတင်းစာရှင်းလင်းပွဲက အချက်များအား အခုတရားရုံးတွင် ဖြေရှင်းနေရသည်ဟုလည်း ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်က  မီဒီယာများအား ပြောဆိုခဲ့ဖူးသည်။ ခုံရုံးဖွဲ့ပြီး တရားရုံးစစ်ဆေးမှုများစတင် အဓိကစေခိုင်းသူဟု သံသယရှိသူ အောင်ဝင်းခိုင်ကို မဖမ်းဆီးနိုင်သေးခင် ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံးတွင် ခုံရုံးဖွဲ့ပြီး စတင်စစ်ဆေးစေခဲ့သည်။ တရားလိုရှေ့နေများက စွဲဆိုထားသည့် ပုဒ်မများသည် လျော့တိလျော့ရဲနိုင်သည်ဟု စစ်ဆေးမှုစတင်ချိန်တွင် မှတ်ချက်ပြုခဲ့ပြီး အမှုတည်ဆောက်ထားမှု၏ အားနည်းချက်များအား ထောက်ပြခဲ့သည်။ ရုံးချိန်းပေါင်း ၁၀၄ ကြိမ်နှင့် လက်နက်မှုအတွက် အပါအဝင် သက်သေစုစုပေါင်း ၂၁၇ ဦးအား မြောက်ပိုင်းခရိုင်တရားရုံးက တပတ် ၂ ကြိမ် စစ်ဆေးခဲ့သည်။ ပြည်ထဲရေးဌာနက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည့် ငွေပေးစေခိုင်းခြင်း၊ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် လုပ်ကြံရန် ကြံစည်ခဲ့ကြခြင်း စသည့် အချက်များသည်  ရုံးရှေ့စစ်ဆေးချက်တွင် မပေါ်ပေါက်ခဲ့ပေ။ “အမျိုးသားရေး အစွန်းရောက်လူငယ်တစုက လုပ်ဆောင်တယ်ဆိုတဲ့ လမ်းကြောင်း ချပေးလိုက်တယ်။ ဆုံးဖြတ်သူက တရားသူကြီးပဲဖြစ်ရမှာ။ အခုတော့ လမ်းကြောင်းချထားတဲ့အတိုင်း အချက်အလက်တွေ ရှာထည့်ပြီး အမှုတည်ဆောက်လိုက်တော့ ဒီအပိုင်းမှာ လွှမ်းမိုးမှု ခံလိုက်ရတယ်လို့ ပြောလို့ရတယ်” ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။ မှန်မှန်ကန်ကန် တရားသူကြီး ဆုံးဖြတ်နိုင်လောက်တဲ့ အထောက်အထားများအား ရဲတပ်ဖွဲ့နှင့် တရားစွဲအဖွဲ့အစည်းများဘက်မှ တင်ပြနိုင်ခဲ့ခြင်း မရှိဟုလည်း ဦးခင်မောင်မြင့်က ဝေဖန်သည်။ တရားရုံးစစ်ဆေးမှုများအား အပတ်စဉ် စောင့်ကြည့်မှု၊ အမှုစစ်အရာရှိ ရဲမှူးတင်မောင်ဆွေအား စစ်ဆေးမေးမြန်းမှုများနှင့် တရားသူကြီး၏ အပြီးသတ် အမိန့်ချမှတ်ခဲ့သည်များကို လေ့လာခဲ့သည့်အခါတွင် တရားခံ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့၏ ချိတ်ဆက်ဆောင်ရွက်မှုများ လေဆိပ်သွားရာ လမ်းတလျှောက် CCTV မှတ်တမ်းများ တိုက်ဆိုင်စစ်ဆေးမှုများ ဦးကိုနီ လုပ်ကြံမခံရခင်အချိန်တွင် ကြည်လင်းအနားတွင် မြင့်ဆွေဆိုသူ ရှိနေသည်ဟု ထွက်ဆိုထားသော်လည်း မြင့်ဆွေသည် အောင်ဝင်းဇော်ဖြစ်ကြောင်း သက်သေမှတ်တမ်းများအား တရားရုံးတွင် ခိုင်ခိုင်မာမာ တင်ပြထားနိုင်ခဲ့ခြင်း မရှိပေ။ ငွေကျပ် သိန်း ၁၀၀၀ ပေးရန် ဇေယျာဖြိုးက ငွေလွှဲရန် ဆောင်ရွက်နေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပြီး ရုံးတင်တရားစွဲခဲ့သော်လည်း ငွေကြေးသုံးစွဲခဲ့ကြောင်း ခိုင်လုံသည့် စစ်ဆေးမှုများနှင့် ငွေကြေးစီးဆင်းမှုများအား မလုပ်ကိုင်ခဲ့ကြောင်း အမှုစစ်ရဲအရာရှိက ထွက်ဆိုခဲ့သည်။ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တိုင်ပင်ခဲ့ကြသည်ဆိုသည့် အချက်များ ခိုင်မာအောင် ရုံးတော်ကို တင်ပြနိုင်ခဲ့ခြင်းလည်း မရှိပေ။ “ရဲမှူးတင်မောင်ဆွေက တရားခံရှေ့နေမေးသမျှ ဟုတ်ပါတယ်။ မှန်ပါတယ်ပဲ ဖြေနေတယ်။ ရဲလုပ်ငန်းစဉ်တွေကို ကုန်စင်အောင် မလုပ်ခဲ့ဘူး။ ငွေစီးဆင်းမှုကို ပြင်ပစာရင်းစစ်နဲ့ မစစ်ဆေးခဲ့ဘူး။ ဒီကိစ္စကို သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အဂတိလိုက်စားမှု ရှိမရှိ စစ်ဆေးပေးဖို့အတွက်လည်း အဂတိကော်မရှင်ကို တိုင်သွားမယ်” ဟု အသတ်ခံခဲ့ရသည့် အငှားယာဉ်မောင်း ဦးနေဝင်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။ လုပ်ကြံမှုတွင် ပါဝင်သူများအား အမိန့်ချ ဦးကိုနီ လုပ်ကြံခံရတဲ့အမှု ၂ နှစ်နှင့် ၁၇ ရက်မြောက်နေ့တွင် မြောက်ပိုင်းခရိုင် တရားရုံးတွင် အမိန့်ချခဲ့သည်။ အဲဒီနေ့သည် ပါဝင်သူများအား တရားရုံးမှ စစ်ဆေးခဲ့သည့် ၂ နှစ်ပြည့်ရန် ၁၅ ရက်အလိုတွင် ဖြစ်သည်။ ခရိုင်တရားရုံးတခုလုံး သတင်းမီဒီယာသမား အများစုနဲ့ စိတ်ဝင်စားသူ လူနည်းစုဖြင့် ပြည့်လျှံနေသည်။ ခုံရုံးဥက္ကဋ္ဌ၊ အဖွဲ့ဝင် တရားသူကြီးများနှင့် တရားခံများ မရောက်မီ ၃၀ မိနစ်အလိုကတည်းက တရားခွင်အတွင်း လာနားထောင်သည့်သူများနှင့် ပြည့်လျှံနေသည်။ တချို့သည် ထိုင်ခုံမရှိသောကြောင့် အခန်းထောင့်လေးတွင် ခြေစုံရပ်ပြီး တရားသူကြီးချမည့်အမိန့်အား နားထောင်နေသည်။ တရားခံများ တရားခွင်အတွင်း ရောက်လာခဲ့သည်။ ခုံရုံးဥက္ကဋ္ဌသည်လည်း သုံးသပ်ချက်များ ဖတ်နေပြီ။ ထိုအချိန်အတွင်း မတ်တပ်ရပ်နေသည့် ကြည်လင်း ရှေ့နားတွင် ထိုင်နေသည့် သံရုံးအရာရှိတဦးနားသို့ တပ်ကြပ်အဆင့်ရှိ ရဲတပ်ဦး ကပြာကယာထပြီး လုံခြုံရေး ပေးလိုက်သည်။ “ကတောက်၊ ဗြန်း” ဆိုသည့် ခက်ကျယ်ကျယ်အသံ တရားခွင်အတွင်း ပျံ့နှံ့သွားချိန် စာရေးသူ၏ နှလုံးခုန်သံသည်လည်း ယခုအမှုအား စတင်ပြီး သတင်းရယူကာ သတင်းရေးသားခဲ့သည့် အချိန်တိုင်းထက် ပိုမြန်ဆန်သွားခဲ့သည်။ တရားခွင်အတွင်း ရှိနေသည့်သူများသည် အစပထမပိုင်းက စိုးရိမ်သည့်ပုံစံမပြဘဲ မရယ်မပြုံး မျက်နှာများနှင့် “တကယ့်အချိန်မှကွာ” ဟု ရေရွတ်သံ ကြားလိုက်ရသည်။ အမှန်သည်ကား အိုမင်းနေသည့် တရားခွင်အတွင်း မျက်နှာကျက်က အင်္ဂတေသားတချို့ ပြိုကျပြီး အခန်းထောင့်ရှိ ဗီဒိုပေါ် ပြုတ်ကျသွားသည့်အသံ ဖြစ်သည်။ ခုံရုံးဥက္ကဋ္ဌ၏ အမိန့်ဆိုသည့်အသံ ပြောကြားလိုက်သည့် စက္ကန့်ပိုင်းအတွင်း တရားခွင်တခုလုံး ခေတ္တ တိတ်ဆိတ်သွားသည်။ ဦးကိုနီကို အနီးကပ်လုပ်ကြံခဲ့သည့် ကြည်လင်းနှင့် သူနှင့်အတူ လေဆိပ်ထဲတွင် အတူရှိနေခဲ့သည့် အောင်ဝင်းဇော်တို့သည် ဖုန်းဆက်သွယ်မှု မှတ်တမ်းများအရ ပေါ်ပေါက်သည့်အတွက် မသေမချင်း လည်ပင်း ကြိုးကွင်းစွပ်သတ်စေဆိုသည့် အမိန့်ကို ချလိုက်သည်။ သူတို့နှစ်ဦးသည် ဟိုးလွန်ခဲ့သည့် ၁၈ နှစ်ဝန်းကျင်က အိုးဘိုထောင်ထဲတွင် အတူနေထိုင်ခဲ့သည့်သူများ ဖြစ်သည်။ ဇေယျာဖြိုးအား စွဲချက်တင်ထားသကဲသို့ ငွေပေးစေခိုင်းကြောင်း လိုပြ ၇၂ ဦးစလုံးက ထောက်ခံထွက်ဆိုခြင်း မရှိသကဲ့သို့ တရားစွဲအဖွဲ့အစည်းသည် ဇေယျာဖြိုးက ငွေထောက်ပံ့ခဲ့သည်ဆိုသည့် အချက်အားလည်း သက်သေခံဥပဒေပုဒ်မ ၁၀၁ အရ အခိုင်အမာ သက်သေထင်ရှား ပြသနိုင်ခြင်းမရှိဟု ခုံရုံးဥက္ကဋ္ဌက ပြောသည်။ ဒါ့အပြင်နောက်ကွယ်မှ စေခိုင်းမှုနှင့် သေနတ်မပါသည့် အိတ် ၂ ခုလုံးအတွက်လည်း ရုံးတော်၏ စစ်ဆေးမှုများတွင် မပေါ်ပေါက်ခဲ့ပါ။ လူသတ်မှုကို အားပေးကူညီကြောင်း ပေါ်ပေါက်ခဲ့ခြင်း မရှိသော်လည်း ကျူးလွန်ပြီးနောက်ပိုင်း အောင်ဝင်းခိုင် ပြစ်မှုကျူးလွန်ခြင်းနှင့် ပတ်သက်သည့် သက်သေခံပစ္စည်းများအား ပျောက်ပျက်စေရန် ကုမ္ပဏီ နေအိမ်ရုံးခန်းအတွင်း သုံးစွဲခွင့်ပြုခဲ့သဖြင့်  ရာဇသတ်ကြီးပုဒ်မ ၂၀၁ (ပထမပိုင်း) ဖြင့် ထောင် ၅ နှစ် ချမှတ်လိုက်သည်။ “ဒီအမိန့်နဲ့ပတ်သက်ပြီး ဥပဒေနဲ့မညီဘူးလို့ သုံးသပ်တယ်။ အခုက တရားခံတယောက် လွတ်သွားတဲ့အပိုင်းပေါ့လေ”ဟု လုပ်ကြံခံရသူ ဦးကိုနီ၏ ရှေ့နေ ဦးနေလက မှတ်ချက်ချသည်။ “အစကတည်းက အမှုတည်ဆောက်မှု အားနည်းတယ်ဆိုတာ ပြောဆိုခဲ့ပြီးဖြစ်တယ်။ သို့သော် အမှုစစ်တဲ့အချိန် ရရှိတဲ့ အချက်အလက်တွေက အမှုအတွက် ရုပ်လုံးပေါ်ခဲ့တယ်။” တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးရသည့် ရှေ့နေများအနေဖြင့်  ခုံရုံးဖွဲ့ စစ်ဆေးသည့်အမှု ဖြစ်သည့်အတွက် ဥပဒေအရာရှိက တဆင့် စစ်မေးခွင့်ရခဲ့သည်။ ဇေယျာဖြိုး၏ရှေ့နေ ဒေါ်ပပဝင်းကလည်း ချမှတ်လိုက်သည့်အမိန့်ပေါ် ကျေနပ်မှုမရှိချေ။ “၃၀၂ (၁)(ခ)/၁၀၉ မပေါ်ပေါက်ဘူးဆိုရင် လွှတ်ရမှာပေါ့။ အခုတော့ စွဲချက်တင်ထားတာမဟုတ်တဲ့ ၂၀၁ နဲ့ ၅ နှစ်ချလိုက်တယ်ဆိုတော့ ဒါကို အယူခံမှာ ဆက်ပြီး တင်ပြသွားမှာပါ” ဟု ပြောသည်။ အောင်ဝင်းထွန်းကိုလည်း သူ့အား စွဲချက်တင်ထားသည့်ပုဒ်မ ၂၁၂ အရ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် အမှုအတွက် အရေးကြီးသည့် လေဆိပ်ရဲမှူးကြီးကို စစ်ဆေးနိုင်ခဲ့ခြင်း မရှိခဲ့သကဲ့သို့ လွတ်မြောက်နေသည့် အောင်ဝင်းခိုင်အား ကားမောင်းပို့ပေးခဲ့သည့် ရဲထွဋ်လှိုင်နှင့် ငွေချေးခဲ့သည့် မိုင်းဖြတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့သည် တရားလိုပြ သက်သေစာရင်းတွင်သာ ပါဝင်ခဲ့သည်။ အောင်ဝင်းဇော်က လုပ်ကြံရန် သွားရောက်ငှားရမ်းခဲ့သည့် နဂါးလေးသည်လည်း သက်သေစာရင်းတွင် ပါမလာခဲ့ပေ။ အဖြေမထွက်ခဲ့သည့် ပုဒ်စာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုသည် ခြိမ်းခြောက်သတ်ခိုင်းသည့်အတွက် သတ်ရပါသည် ဆိုသည့်အချက်သာ တရားရုံးက ဖော်ထုတ်နိုင်ခဲ့သည်။ လူငယ်သဘာဝ မျိုးချစ်စိတ်လွန်ကဲမှုကြောင့် သတ်ရပါသည်၊ နိုင်ငံရေးအရ လုပ်ကြံခြင်းဖြစ်သည်ဆိုသည့် အချက်များ ရုံးတော်တွင် မပေါ်ပေါက်ခဲ့ပေ။ “ဒီအမှုနဲ့ပတ်သက်ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ဟာ အတော်ညံ့ဖျင်းတယ်။ အရေးကြီးတရားခံကို သေတယ်လို့လည်း မပြနိုင်၊ နိုင်ငံခြားထွက်သွားတယ်လို့လည်း မပြနိုင်ဘူးဆိုတော့ တကယ်ပြောရရင် တာဝန်ပျက်ကွက်ပါတယ်။ တရားစွဲအဖွဲ့အစည်းတွေ တာဝန်အတော်ပျက်ကွက်ပါတယ်” ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က သုံးသပ်သည်။ ယခုအမှုအတွက် ဦးကိုနီအားသတ်ခဲ့သည့် ကြည်လင်းအား ၃၀၂ (၁)(ခ)/၃၄ ဖြင့် မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချခဲ့သည်။ အငှားယာဉ်မောင်း ဦးနေဝင်းအား သတ်ခဲ့သည့်အတွက် ၃၀၂(၂) အရ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည့်အပြင် လက်နက်မှုဖြင့် ထောင်ဒဏ် ၃ နှစ်လည်း ချမှတ်ခံရသည်။ အောင်ဝင်းဇော်အတွက်လည်း ၃၀၂ (၁)(ခ)/၃၄ အရ ပြစ်မှုထင်ရှားသည့်အတွက် မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချခဲ့သည်။ ဇေယျာဖြိုးအား စွဲချက်တင်ထားသည့် ပုဒ်မ ၃၀၂ (၁)(ခ)/၁၀၉ မပေါ်ပေါက်သော်လည်း ရာဇသတ်ကြီးပုဒ်မ ၂၀၁ (ပထမပိုင်း) အရ ပြစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် ၅ နှစ် ချခဲ့သည်။ ချုပ်ရက်များအား ထုတ်နုတ်ခံစားခွင့်ပြုခဲ့သည်။ အောင်ဝင်းထွန်းအား ရာဇသတ်ကြီးပုဒ်မ ၂၁၂ (ပထမပိုင်း) အရ ပြစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ချုပ်ရက်များအား ထုတ်နုတ်ခံစားခွင့် ပြုခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက ယခုအမှုအား အကြမ်းဖက်ဥပဒေဖြင့်ပါ တရားစွဲသင့်သည်ဟု အမိန့်ချပြီးချိန်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်ဥပဒေဖြင့် အရေးယူရန် စွဲချက်ပြင်ဆင်ချိန်တွင် တရားလိုရှေ့နေများက တိုင်းဒေသကြီးတရားရုံးတွင် တင်ပြခဲ့သော်လည်း တိုင်းဒေသကြီး တရားလွှတ်တော်က ပလပ်ခဲ့သည်။ ဦးကိုနီ၏သားကိုသန့်ဇင်ဦးကတော့ “မိသားစုဝင်အနေနဲ့တော့  ဘာမှ မှတ်ချက်ပေးလိုတဲ့ဆန္ဒ မရှိသေးပါဘူး။အယူခံလည်း တဖက်က ဝင်နိုင်တဲ့အနေအထား ရှိသေးတဲ့အတွက် အယူခံဝင်တာကို စောင့်ကြည့်ဖို့လိုသေးလို့ပါ” ဟုပြောသည်။ တရားရုံး၏ အမိန့်များနှင့်ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများသည် အဆင့်မြင့် တိုင်းဒေသကြီး တရားရုံးသို့ အယူခံဝင်ရန်အတွက် ပြင်ဆင်နေကြပြီ။ အောင်သူ(ဒေးဒရဲ)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024