Home
မြန်မာသတင်း
တပ်မတော်နှင့်အေအေတို့ မြောက်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေ
DVB
·
February 19, 2019
တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တွေအကြား ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် မြောက်ပိုင်းဒေသမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်အောင်ပြင်ကျေးရွာအရှေ့မြောက်ဖက် ပဒါန်းကျေးရွာ အနီးမှာ ဒီကနေ့ မနက်ပိုင်း ၉ နာရီ ၄၅ ကနေ ၁၂ နာရီအထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီဗွီဘီကိုပြောပါတယ်။ “တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ ရွာနဲ့က သိပ်မဝေးဘူးဗျ။ အဲ့ဒီရွာဘက်တွေက ကျနော်ကို ဖုန်းလှမ်းဆက်ကြတယ်။ အဲ့ဒီက ဒေသခံကျေးရွာသားတွေကတော့ တော်တော်လေးကို ကြောက်လန့်နေကြတယ်လို့ ပြောတယ်ဗျ။ လက်နက်ကြီး၊ လက်နက်ငယ်တွေကရော အကုန်ကြား နေရတယ်လို့ပြောတယ်။” မြောက်ဦးမြို့နယ် ရမ်းချောင်းကျေးရွာနဲ့ ပဒါန်းကျေးရွာရဲ့ ခပ်လှမ်းလှမ်းမှာ ၂၀၁၅ ခုနှစ်ကလည်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတကြိမ်ဖြစ်ဖူးခဲ့ပြီး အခု ဒုတိယအကြိမ်ဖြစ်ပွားတာပါ။   တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ မလှမ်းမဝေးမှာရှိတဲ့ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က “ဒီကနေ့ ပစ်ခတ်သံတွေ လက်နက်ကြီးသံတွေ ဆက်တိုက်​ကြားနေ ရတယ်။ ကျနော်တို့ကျေးရွာကဆိုရင် မိုင်ဝက်လောက်ပဲရှိတယ်။ ရွာကိုတော့ လက်နက်ကြီး မကျဘူး။ ပဒါန်းချောင်းနဲ့ ဝါးကြားမြောင်းတောင်တန်းနားလမ်းမှာ ဖြစ်နေကြတာ။ ရွာကကလူတွေ ကတော့ တယောက်မှ အပြင်မထွက်ရဲကြတော့ဘူး။ အကုန်ကြောက်လန့်နေကြတယ်” လို့ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ရစိုးချောင်းကျေးရွာနဲ့ ရေဘုတ်ရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ခရုချောင်းရွာနဲ့ သက်ပြေကျရွာအကြားမှာတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင်ရသေ့တောင်မြို့နယ်၊ နွားတင်းကုတ်ရွာတောင်ဘက်မှာလည်း ဖေဖော်ဝါရီ ၁၇ ရက်က တတိယမြောက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေမှာ ပြီးခဲ့နှစ် နိုဝင်ဘာလက စတင်တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ဘေးသင့် ပြည်သူတွေ ၆၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။   သတင်း- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024