သိမ်းဆည်းမြေယာအတွက် တောင်သူများကို လျော်ကြေး ကျပ်သန်း ၁၇၀၀ ကျော်ပေးအပ်
DVB
·
February 18, 2019
မင်းဘူးမြို့နယ်အတွင်း မီးရထားလမ်းဖောက်လုပ်စဉ်က မြေယာ သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူတွေကို လျော်ကြေးငွေ ကျပ်သန်း ၁၇၀၀ ကျော် ပေးအပ်လိုက်ပါတယ်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမမှာ ဒီနေ့မနက်ပိုင်းက ပေးအပ်ခဲ့တာပါ။
မင်းဘူးစကု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက "ကြံခင်း-ပခုက္ကူ ရထားလမ်း ပေါ်ရှိ ကျေးရွာအုပ်စု ၁၂ ခုနဲ့ မင်းဘူး-အမ်းမီးရထားလမ်းပိုင်းက ကျေးရွာအုပ် ၂ ခုက တောင်သူတွေကို ပထမဆုံး အကြိမ် လျော်ကြေးပေးအပ်တာပါ။ မြေယာအရှုပ်ရှင်းကင်းပြီး အမှန်တကယ်ရသင့်တဲ့သူတွေကို သေချာစိစစ်ပေးလျော်ခဲ့တာပါ။ မြေယာအရှုပ်ရှင်းဖြစ်နေတဲ့ ကျေးရွာအုပ်စု နှစ်ခုကို လည်းနောက်နှစ် ဘတ်ဂျက်တွေမှာ လျော်ကြေးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်" လို့ ပြောပါတယ်။
မင်းဘူးစကုမြို့နယ် ချောင်ကောက်ကျေးရွာက တောင်သူ ဦးထွန်းအေးက မီးရထား လမ်း စဖောက်ကတည်းက မြေယာတွေသိမ်းဆည်းခံရတာလို့ ပြောပါတယ်။
“လျော်ကြေးငွေ မရရှိခဲ့ ပါဘူး၊ စတင်အသိမ်းခံခဲ့ရစဉ်က လျော်ကြေးငွေရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မျှော်လင့်မထားဘဲနဲ့ လျော်ကြေးငွေတွေ ရရှိလာတော့ ဒေသခံတောင်သူတွေ အထူးဝမ်းမြောက်နေကြ ပြီး အဆင့်ဆင့်ကူညီဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတော်အစိုးရကို ကျေးဇူးတင်တယ်” လို့ ဆိုပါတယ်။
ပခုက္ကူ-ကြံခင်း မီရထားလမ်းကို ၂၀၀၆ ခုနှစ်က စတင်ဖောက်လုပ်ရာမှာ တောင်သူတွေရဲ့ မြေယာတွေကို သိမ်းဆည်းခဲ့တာဖြစ်ပြီး မြေယာလျော်ကြေးကို ၂၀၁၅ ခုနှစ်က စတင်ပေးလျော်ခဲ့တာဖြစ်ပြီး အခုအကြိမ်နဲ့ဆိုရင် ၁၄ ကြိမ် ရှိပြီလို့ မြန်မာ့မီးရထား၊ တိုင်း (၁၀) မှ အင်ဂျင်နီယာမှူး ဦးမင်းသိမ်းစိုးက ပြောပါတယ်။
မီးရထားလမ်းဖြတ်သန်းဖောက်လုပ်ရမှာ သိမ်းဆည်းခံခဲ့ရတဲ့ မြေဧက ၃၂၀၀ ကျော်အတွက် ကျပ်သန်းပေါင်း ၆၇၀၀ ကျော်ပေးလျော်ရမှာဖြစ်ပြီး၊ ကျပ်သန်းပေါင်း ၅၆၀၀ ကျော် ပေးလျော်ပြီးဖြစ်တယ်လို့ မြန်မာ့မီးရထားဌာနမှ သိရပါတယ်။
အဆိုပါ မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ မြန်မာ့မီးရထားဌာနက တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဒေသခံတောင်သူတွေ တက်ရောက်ခဲ့ကြတာပါ။
သတင်း-မင်းထီး