အမွေတောင်းတာမရလို့ ဓားခုတ်မှုဖြစ်၊ သားဖြစ်သူ သေဆုံး
DVB
·
February 16, 2019
မိဘတွေကအမွေမပေးလို့ ဓားနဲ့ခုတ်တဲ့သားကို အဖေက ပြန်ခုတ်တာကြောင့် သားဖြစ်သူ သေဆုံးသွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မနေ့က နေ့ခင်းပိုင်းက ဖြစ်ခဲ့တာပါ။
မင်းပြားမြို့နယ်၊ င/တန်ပျင်းရွာမှာ အသက် ၄၂ နှစ်အရွယ် သားဖြစ်သူ မောင်ဆန်းဟာ အသက် ၆၂ နှစ်အရွယ် ဦးအထွီးဖြူနဲ့ ၅၇ နှစ်အရွယ် ဒေါ်မအုန်းစိန်တို့ဆီက အမွေတောင်းခဲ့ပါတယ်။
ဒါပေမယ့် မပေးလို့ဆိုပြီး မောင်ဆန်းက ဒေါ်မအုန်းစိန်ကို လက်သီးနဲ့ထိုးပြီး ဓားနဲ့ခုတ်ဖို့ လုပ်တာကြောင့် ဦးအထွီးဖြူက ဓားကိုလုပြီး ပြန်ခုတ်ခဲ့ပါတယ်။
မောင်ဆန်းမှာ ဘယ်ဘက်ချိုစောင်း၊ နဖူး၊ လည်ပင်း၊ လည်ကုတ်၊ ဘယ်ဘက်တံတောင် ပြတ်ရှဒဏ်ရာတွေရပြီး အဲဒီနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။
ဒါကြောင့် ဦးအထွီးဖြူကို မင်းပြားမြို့မရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။