၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မဟာဗန္ဓုလပန်းခြံတွင် ကျင်းပ
သူဇာလင်း
·
February 12, 2019
ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပပါတယ်။
ဒီနေ့အခမ်းအနားမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အဲဒီသဝဏ်မှာတော့ ဖက်ဒရယ်စနစ်တည်ထောင်ရေးနဲ့ တနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိပါက တိုင်းရင်းသားဒေသတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်တယ်လို့ ပါရှိပါတယ်။
လွပ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ နေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပင်လုံစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့နေ့ကို ပြည်ထောင်စုနေ့အဖြစ်နှစ်စဉ် ကျင်းပတာ ဖြစ်ပါတယ်။
၇၂ နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားတွေကိုတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ပင်လုံမြို့အပါအ၀င် နိုင်ငံတ၀န်းမှာလည်း ကျင်းပနေပါတယ်။